သက်သက်လွတ်စားခြင်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုအများကြီး ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ သင်သိပါသလား။ အသားငါးစားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်တယ်ဆိုပေမယ့် သားငါးမပါတဲ့ သက်သက်လွတ်စားသုံးခြင်းကလည်း သင့်ရဲ့ လူနေမှုဘဝကို အများကြီး ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။

ဆေးပညာရှင်တွေအဆိုအရ သက်သက်လွတ်စားခြင်းဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်၊ အရိုးပွရောဂါနှင့်ဆီးချိုရောဂါတွေကိုပါ ကြိုတင်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာတော့ သက်သက်လွတ်စားခြင်းဖြင့် အံ့သြစရာကောင်းလောက်အောင် ခန္ဓာကိုယ်မှာ ပြောင်းလဲလာမယ့်အရာတွေကို မျှဝေပေးချင်ပါတယ်။

(၁) အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်

သက်သက်လွတ်စားခြင်းက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေဖယ်ရှားသန့်စင်ပေးတာကြောင့် ကျန်းမာခြင်းတွေကို ပိုမိုရရှိပိုင်ဆိုင်စေပါတယ်။ လက်ဆက်တဲ့ ဟင်းသီးဟင်းရွှက်တွေကို များများစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အူနဲ့ အစာအိမ်လမ်းကြောင်းမှာကပ်ညှိတွယ်နေတဲ့ အညစ်အကြေးနဲ့ ဓာတုအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အစာချေစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

(၂) အဝလွန်ခြင်းကို ကာကွယ်ပေးတယ်

အဝလွန်ခြင်းဟာ လူတစ်ယောက်နဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ အများကြီးဆက်စပ်မှုရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သက်သက်လွတ်စားသုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ အဆီနဲ့ ကိုလက်စထရောပမာဏဟာ သာမာန်လူတွေထက်လျော့နည်းတယ်လို့ သိရပါတယ်။

ဟင်းသီးဟင်းရွှက်နဲ့ သစ်သီးဝလံတွေက ခန္ဓာကိုယ်မှာ အဆီမတက်ဖို့ အထောက်ကူဖြစ်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးတာကြောင့် သက်သက်လွတ်စားသုံးခြင်းဖြင့် အဝလွန်ခြင်း လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါတို့ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

(၃) အသားအရေကြည်လင်လာစေတယ်

အသားအရေကြည်လင်လှပပြီး နုပျိုမှုတွေရရှိစေဖို့ အဓိကအားဖြင့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidants များလုံလောက်စွာစားသုံးဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွှက်တွေမှာ ပေါများလှသော ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidants ဓာတ်များပါဝင်တာကြောင့် အသားအရေကို ကြည်လင်လှပစေပြီး နုပျိုမှုတွေ ပေးစွမ်းမှာဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ကျစေတယ်

သက်သက်လွတ်စားသူအများစုဟာ စိတ်ခံစားချက်ပိုမိုကောင်းမွန်တာတွေ့ရပြီး သက်သက်လွတ်မစားသူတွေနဲ့ ယှဉ်လိုက်ရင် ပျော်ရွှင်မှုကို ပိုခံစားကြရတာဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစာအဟာရဓာတ်တွေထဲမှာ အသီးအရွက်ထက် အသားဓာတ်အလျွန်အကျွံစားသုံးမိသူတွေဟာ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကို ခံစားဖို့အခွင့်အလမ်းပိုများကြပါတယ်။

လက်ဆက်တဲ့ သဘာဝဟင်းသီးဟင်းရွက်တွေက ရုပ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေတာကြောင့် သက်သက်လွတ်စားခြင်းဖြင့် ပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၅) ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတယ်

ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ဗီတာမင်ဓာတ်များနှင့် antioxidants များကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုအထောက်အပံ့ဖြစ်စေပါတယ်။

ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ရေဓာတ်ကိုလည်း ဟင်းသီးဟင်းရွှက်တွေမှတဆင့်ရရှိနိုင်ပါတယ်။ ဒါကြောင့် သက်သက်လွတ်စားသုံးခြင်းက သဘာဝအတိုင်း ခန္ဓာကိုယ်အားအင်ပြည့်ဝစေပြီး ကျန်းမာတဲ့လူနေမှုဘဝကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။