အချစ် ဆိုတာဟာ တချို့သူတွေအတွက်တော့ မြင်မြင်ချင်းချစ်ပြီး မြင်မြင်ချင်းကြိုက်ကြတာမျိးဖြစ်ကောင်းဖြစ်နိုင်သလို တချို့အတွက်ကျတော့လည်း တဖြည်းဖြည်းချင်း အချိန်ယူပြီး တစ်ဦးအကြောင်းတစ်ဦးကို နားလည်သဘောပေါက်ရင်းနဲ့မှ ချစ်ခြင်းမေတ္တာတွေ ဖြစ်တည်လာတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။

နောက်ပြီးတော့ ပုံပြင်တွေ ကာတွန်းကားတွေထဲမှာ စာတန်းထိုးနေကြ “သက်ဆုံးတိုင် ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသတည်း” ဆိုတာမျိုးတွေက မြင်မြင်ချင်းအချစ်တွေကနေ အမြဲတမ်း အစပြုခဲ့ကြတာမဟုတ်ပါဘူး။

တစ်ခါတစ်လေ အချစ်ဆိုတာမျိုးက အချိန်အတော်ကြာယူပြီး ကြားထဲမှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို စိတ်ရှည်သည်းခံမှုတွေနဲ့ ကြိုးစားကျော်ဖြတ်ခြင်းတို့ရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

အခုတစ်ခေါက် ဝေမျှပေးသွားမှာကလည်း အစမကောင်းခဲ့ရင်တောင်မှ ကိုယ်ချစ်ရသူနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်ရလဒ်ကို ပိုင်ဆိုင်နိုင်တယ်ဆိုတာကို သက်သေပြခဲ့တဲ့ အနုပညာရှင်တွေပါပဲ။

1. Ryan Reynolds နဲ့ Blake Lively

Blake Lively နဲ့ Ryan Reynolds တို့ စုံတွဲကတော့ Green Lantern ဇာတ်ကားအတွက် ရိုက်ကူးရင်း ပထမဆုံး တွေ့ဖူးကြတာဖြစ်ပြီး ဇာတ်ကားရိုက်ရင်းနဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့ကာ သူ့အတွဲ ကိုယ့်အတွဲနဲ့ နှစ်ယောက်သား အတူတူတောင်မှ Double Date သွားခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ သံယောဇဥ်ကို သတိထားမိလာခဲ့ရာကနေမှ အခုတော့ အိမ်ထောင်သက် ၁၀ နှစ်ကျော်ပြီဖြစ်သလို သမီး ၃ ယောက်မွေးထားပါတယ်။ အခုဆို လေးယောက်မြောက် ရင်သွေးလေးကလည်း မကြာခင်မှာ မွေးဖွားတော့မှာပါ။

2. Cate Blanchett နဲ့ Andrew Upton

ဒီစုံတွဲလေးကတော့ ၂၅ နှစ်ကြာသွားသည့်တိုင်အောင် မြဲနေကြပြီးတော့ သားသမီး လေးယောက်ရှိပါတယ်။ နှစ်ဦးသားသိလာကြတာကတော့ ၁၇ နှစ်ကြာပြီးမှ စပြီးတွဲခုတ်ကြတာဖြစ်ပါတယ်။

3. Ben McKenzie နဲ့ Morena Baccarin

Ben McKenzie တစ်ယောက် သူ့ရဲ့ဇနီးဖြစ်သူ Morena Baccarin နဲ့ တွေ့ဆုံခဲ့တာကတော့ သူမဧည့်သည်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The O.C. ဆိုတဲ့ TV show တစ်ခုမှာဖြစ်ပြီး တွေ့ခဲ့ဖူးတယ်ဆိုတာကို သူသေချာသတိမထားမိပါဘူး။ နောက်ပိုင်း Gotham ဆိုတဲ့ ဇာတ်ကားမှာ ထပ်ပြီးတွေ့ဆုံခဲ့တဲ့အချိန် သူ့ကိုယ်သူ တစ်ဖန်မိတ်ဆက်ခဲ့ပါသေးတယ်။ Baccarin က သူတို့တွေ့ဖူးတယ်ဆိုတာကို ပြောပြတော့မှ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတာပါ။ အခုတော့ သားသမီးနှစ်ဦးရှိထားပြီး သမီးလေးကိုတော့ ၂၀၁၇ မှာ မွေးခဲ့ပြီး သားလေးကိုတော့ ၂၀၂၁ မှာ မွေးဖွားခဲ့ပါတယ်။

4. Freddie Prinze Jr. နဲ့ Sarah Michelle Gellar

Freddie Prinze Jr. နဲ့ Sarah Michelle Gellar တို့နှစ်ယောက်က ၁၉၉၇ ခုနှစ်မှာ I Know What You Did Last Summer ဆိုတဲ့ ဇာတ်ကားအတွက် ပထမဆုံးတွေ့ဖူးကြတာဖြစ်ပြီး သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ ၂၀၀၀ ပြည့်နှစ်အထိ သူငယ်ချင်းတွေအဖြစ်နေခဲ့ကြပြီး တစ်ရက် တခြားသူငယ်ချင်းတစ်ယောက်နဲ့အတူ ညစာစားဖို့ ချိန်းခဲ့ပေမယ့် ထိုသူငယ်ချင်းက မလာဖြစ်ခဲ့ပါဘူး။ အဲ့ညမှာပဲ နှစ်ဦးသားကြားမှာ ချစ်ခြင်းတစ်ခုပေါက်ဖွားလာခဲ့ပြီး ၂ နှစ်အကြာမှာတော့ လက်ထပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သားတစ်ယောက် သမီးတစ်ယောက် မွေးဖွားထားပါတယ်။

5. Lauren Conrad နဲ့ William Tell

သူတို့နှစ်ယောက်လည်း ၂၀၀၂ တုန်းကတည်းက တွေ့ဆုံခဲ့ကြတာဆိုပေမယ့် ၁၀ နှစ်ကြာပြီးနောက် blind date မှာ ထပ်မံတွေ့ဆုံခဲ့ပြီးမှ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

6. Mila Kunis နဲ့ Ashton Kutcher

သူတို့စုံတွဲကတော့ That 70s Show မှာ တွေ့ဆုံခဲ့ကြပြီး အဲ့အချိန်တုန်းက Mila Kunis က ၁၄ နှစ်သာရှိသေးပြီး Ashton Kutcher ကတော့ ၁၉ နှစ်ရှိပါပြီ။ Kutcher က Kunis ကို သူတို့အသက် ၅ နှစ်ကွာတာမို့ ညီမလေးတစ်ယောက်လိုသာ တွေးခဲ့ပြီးတော့ သူ့အတွက် အိမ်စာတွေတောင် လုပ်ပေးခဲ့ဖူးပါသေးတယ်တဲ့။ သူတို့နှစ်ယောက် တွဲခုတ်ဖို့ ၁၄ နှစ်ကြာမြင့်ခဲ့ပြီး အခုဆိုရင်တော့ သားသမီး ၂ ဦးရဲ့ မိဘတွေဖြစ်နေပါပြီ။

7. Chrissy Teigen နဲ့ John Legend

သူတို့စတွဲချိန်တုန်းက John Legend တစ်ယောက် Chrissy Teigen နဲ့ ယူဖို့အစီအစဥ်ရှိလောက်တဲ့အထိ အချစ်မကြီးခဲ့ပါဘူး။ နှစ်တော်တော်ကြာပြီးနောက်မှာ သူမဟာ သူ့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာကို သိလာခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။