အဆီဖုထွက်ခြင်းက လူတော်တော်များများ မကြာခဏကြုံရတတ်တဲ့အရေပြားပြဿနာတစ်မျိုးပါပဲ။ အဆီဖုတွေက မျက်နှာရဲ့ T Zone လို့ခေါ်တဲ့ နှာဖူး၊ နှာခေါင်းနဲ့ မေးစေ့တွေမှာအထွက်များပြီး မျက်နှာအရေပြား အမွှေးနုအောက်ခြေမှာ အဆီနဲ့ဆဲလ်သေများပိတ်မိခြင်း၊ ဘက်တီးရီးယားဝင်ခြင်းတွေက တစ်ဆင့်ဖြစ်တတ်တဲ့ နာကျင်မှုမရှိတဲ့အဖုအသေးလေးတွေပဲဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့သူတွေနဲ့ အဆီပြန်တဲ့ အသားအရေရှိတဲ့သူတွေမှာ အဆီထုတ်လုပ်မှုများတာကြောင့် အဆီဖုစုပြုံထွက်နိုင်ချေပိုများပါတယ်။ အခြားသောအဆီဖုဖြစ်ခြင်းကိုထောက်ပံ့ပေးနိုင်တဲ့အကြောင်းအရင်းတွေကတော့-

ဆေးလိပ်သောက်ခြင်း

လေ့လာမှုတွေအရဆေးလိပ်သောက်တတ်တဲ့သူတွေက မသောက်တဲ့သူတွေထက်အဆီဖုထွက်နိုင်ချေ ပိုများပါတယ်။

စားသောက်မှုပုံစံ

တစ်နေ့တာမှာ သကြားနဲ့ဆီများတဲ့အသင့်စား စားသောက်ကုန်တွေပါဝင်တဲ့စားသောက်မှုပုံစံရှိခြင်းကလည်း အဆီဖုနဲ့ဝက်ခြံတွေဖြစ်စေနိုင်တဲ့အကြောင်းအရင်းပါပဲ။

Skincare နဲ့မိတ်ကပ်ပစ္စည်းအမှားတွေ

Photo Source: Cleverland Clinic Health Essentials

အသားအရေထိန်းသိမ်းရာမှာ မှားယွင်းတဲ့အစိုဓာတ်ထိန်းခရင်မ်ထုတ်ကုန်တွေကိုအသုံးပြုတာက အဆီပိုပြန်စေတာကို သတိထားပေးပါ။ Chemical ပါဝင်တဲ့မိတ်ကပ်ပစ္စည်းတွေနဲ့ ဆံသားအဆီထွက်စေတဲ့ ဆံပင်ပြုပြင်ရေးထုတ်ကုန်တွေကလည်း အဆီဖုနဲ့ အမည်းစက်တွေဖြစ်စေနိုင်ပါတယ်။

ပတ်ဝန်းကျင်

လေထုအစိုဓာတ်များတဲ့ပတ်ဝန်းကျင်မျိုးမှာနေထိုင်ခြင်းကလည်း မျက်နှာအသားအရေချွေးပေါက် ကျယ်စေတာကြောင့် အရေပြားတွင်း အဆီနဲ့အညစ်အကြေးဝင်ရောက်တဲ့ပမာဏပိုတိုးစေနိုင်ပါတယ်။

အဆီဖုဖယ်ရှားနိုင်ဖို့ပြုလုပ်ရမယ့်အရာများ-

အဆီဖုရှိတဲ့သူတွေအနေနဲ့ မျက်နှာကိုလက်နဲ့မကြာခဏထိကိုင်ခြင်း၊ အဖုအပိန့်များညှစ်ခြင်းတွေကိုလည်း ရှောင်ဖို့အရေးကြီးပါတယ်။ စိတ်ရှုပ်စရာကောင်းတဲ့ အဆီဖုတွေကို မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် ပုံမှန်ဂရုစိုက်ပေးရမယ့်အချက်အချို့ကိုလည်း မျှဝေပေးချင်ပါတယ်။

၁။ သဘာဝပစ္စည်းများနှင့်ထိန်းသိမ်းနည်း

Photo Source: Pinterest

အဆီဖုဖယ်ရှားဖို့အတွက် သဘာဝပစ္စည်းတွေပါဝင်တဲ့ထုတ်ကုန်တွေကိုအသုံးပြုဖို့လိုပါတယ်။ ဥပမာ Clay နဲ့ Charcoal ပါဝင်တဲ့ Face Masks တွေက အရေပြားထဲမှာပိတ်မိနေတဲ့ဆဲလ်သေနဲ့ အညစ်အကြေးတွေကို ရှင်းလင်းပေးပြီး အဆီထွက်တဲ့ပမာဏကိုလည်း ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ ပျားရည်နဲ့ သံပရိုရည်တို့လို အိမ်တွင်းစားသောက်ကုန်တွေက အရေပြားအဆီကိုစုပ်ယူပေးနိုင်ပြီး လက်ဖက်ရွက်အဆီပါဝင်တဲ့ တိုနာနဲ့ မျက်နှာသစ်ဆေးစတဲ့ ထုတ်ကုန်တွေကလည်း အရေပြားရောင်ရမ်းခြင်း၊ အဖုထွက်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ မျက်နှာအသားအရေသန့်ရှင်းမှု

Photo Source: Pinterest

အဆီဖုထွက်ခြင်းကို တားဆီးရာမှာ ပြုလုပ်ရမယ့်အရေးအကြီးဆုံးအချက်ကတော့ မျက်နှာအသားအရေကို နေ့တိုင်းဂရုစိုက်ပြီး သန့်ရှင်းအောင်ထားဖို့ပါပဲ။ တစ်နေ့ကိုနှစ်ကြိမ်ခန့်မျက်နှာသန့်စင်ပေးသင့်ပြီး မျက်နှာသစ်တဲ့အခါ အရေပြားပေါ်ကဆဲလ်သေတွေဖယ်ရှားနိုင်ဖို့ မျက်နှာတိုက် Brush နဲ့ အနည်းဆုံး စက္ကန့်သုံးဆယ်လောက် ခပ်ဖွဖွပွတ်ပြီးမှ ရေနွေးနွေးနဲ့ဆေးချသင့်ပါတယ်။ အသုံးပြုမယ့် အစိုဓာတ်ထိန်းခရင်မ်ဟာဆိုရင်လည်း ကိုယ့် Skin Type နဲ့သင့်တော်တဲ့အပြင် Water-based ဖြစ်ရပါမယ်။ အသားအရေသန့်ရှင်းမှုရှိဖို့ ညမအိပ်ခင်မှာလည်း မျက်နှာပေါ်ကအဆီနဲ့မိတ်ကပ်တွေကိုဂရုတစိုက် ဖယ်ရှားပေးဖို့လိုပါတယ်။

၃။ နေထိုင်စားသောက်မှုပုံစံ

Photo Source: Pinterest

အဆီဖုနဲ့ဝက်ခြံတွေမဖြစ်အောင်တားဆီးဖို့အတွက် အပြင်ပန်းဂရုစိုက်မှုတွေအပြင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်နေထိုင်ပုံတွေရှိဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အချိုများ၊ အဆီများတဲ့အစားအသောက်တွေကို ရှောင်ပါ။ Antioxidant ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ ဘယ်ရီသီးတွေ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ပရိုတင်းကြွယ်ဝတဲ့အစားအသောက်တွေကိုသာ တတ်နိုင်သလောက် စားသုံးပေးသင့်ပါတယ်။

By MyStyle Myanmar