ဂျိုင်းကြားအသားအရေ ယားယံလို့ စိတ်ရှုပ်နေရတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲနော်။ များသောအားဖြင့် ဂျိုင်းယားတာက ပူလွန်း၊ စိုထိုင်းမှုများလွန်းတဲ့ရာသီတွေကြောင့်ဖြစ်တတ်သလို အသားအရမ်းခြောက်တာကြောင့်လည်း ဖြစ်လာတတ်ပါတယ်။ အခန့်မသင့်ဘဲ ဓာတ်မတည့်တာတွေနဲ့ ထိတာ၊ ဆပ်ပြာနဲ့အလှအပပစ္စည်းတွေမှာပါတဲ့ ချွေးချတ်အာနိသင် Chemical တွေနဲ့ထိတာကလည်း ဂျိုင်းကိုယားယံစေမှာပါ။ ဒီလို ဂျိုင်းယားတိုင်း ကုတ်မိရင်လည်း လက်သည်းဆိပ်နဲ့ ပွတ်တိုက်မှုများပြီး ဂျိုင်းမဲတာ၊ နီမြန်းပြီး ဒဏ်ရာရတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့်မို့ ဂျိုင်းယားတာ အမြန်ဆုံးသက်သာဖို့ ကူညီပေးမယ့် နည်းလမ်းတွေကို ဒီတစ်ခေါက်မှာ မျှဝေပေးလိုက်ပါတယ်။ ကိုယ်တိုင်လုပ်လို့လွယ်တဲ့နည်းတွေ ဖြစ်လို့ လူတိုင်းအတွက် အသုံးတည့်မှာပါ။

ဂျိုင်းချွေးနံ့အတွက် အနံ့သိပ်မပြင်းတဲ့ Deodorant တွေ သုံးဖို့လိုပါတယ်။ အနံ့ပြင်းလေ Chemical ပါဝင်မှုပိုများလေ ဖြစ်တာမို့ ဂျိုင်းကြားယားယံတာကို ပိုဆိုးစေမှာပါ။


ဂျိုင်းကို ဘက်တီးရီးယားတွေကပ်ရာကတစ်ဆင့်လည်း ယားယံတတ်တာမို့ သေချာသန့်စင်ပေးဖို့ မမေ့ပါနဲ့နော်။ ရေချိုးတဲ့အခါ ရေကို ခပ်နွေးနွေးလေးသုံးပြီး ဆေးကြောပေးပါ။


ရာသီဥတုပူတဲ့အချိန်၊ လေ့ကျင့်ခန်းလုပ်ရင်း ချွေးထွက်များတဲ့အချိန်တွေမှာ အသားအရေ စေးကပ်မှုမဖြစ်စေမယ့် Powder လိမ်းထားပါနော်။ အသားအရေကို ချောမွတ်သွားစေတာမို့ ချွေးနဲ့ အသားပွတ်တိုက်မှုများပြီး ယားယံတာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။


ခပ်ချောင်ချောင်အဝတ်အစားတွေဝတ်ဆင်ပေးပါ။ အရမ်းကြပ်တဲ့အဝတ်တွေက ဂျိုင်းသားနဲ့ပွတ်တိုက်မှုကြောင့် ဂျိုင်းမဲစေတဲ့အပြင် ကြမ်းတမ်းတဲ့အဝတ်စတွေက ဂျိုင်းကိုပိုပြီးယားယံစေပါတယ်။ လေထွက်လေထွက်ရှိပြီး အသားအေးတဲ့အဝတ်တွေရွေးဝတ်ပေးပါနော်။


ကိုယ်ဝတ်နေကျ အဝတ်အစားတွေနဲ့ အိပ်ရာခင်းကိုလည်း ပုံမှန်လျှော်ဖို့လိုပါတယ်နော်။ မသန့်တဲ့အဝတ်တွေက တစ်ဆင့် ဂျိုင်းကိုပိုးဝင်နိုင်တာမို့ အဝတ်တွေကို ပုံမှန်လျှော်ပြီး ရေခြောက်မှ ဝတ်တာမျိုးလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar