အဆက်ဟောင်းကတော့ အဆက်ဟောင်းပါပဲ။ ပြတ်ပြီးနောက် ပြန်ဆက်တဲ့ ကြိုးတွေမှာ အထုံးကျန်သလို Ex နဲ့ ပြန်ပတ်သက်မှုကလည်း အဖုအထစ်တွေနဲ့ ထုံးဖွဲ့ကျန်ခဲ့တတ်ပါတယ်။

ဒီလို ပြောလို့ Ex နဲ့ လုံးလုံး အပတ်သက် အဆက်အဆံ မလုပ်ရတော့ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ အဆက်ဟောင်းကို သူငယ်ချင်းတစ်ယောက်လို ပေါင်းထုပ်လို့ ရပါတယ်။

ဒီအတွက် ကြိုပြီး သိရှိ ပြင်ဆင်ထားသင့်တာလေးတွေ ပြောပြချင်ပါတယ်။

(၁) အချိန်ပေးပါ

အရင်ဆုံး ပြောချင်တာက စဉ်းစားပါ ဆိုတာပါပဲ။ အဆင်သင့်မဖြစ်သေးခင်မှာ သူငယ်ချင်းလို နေကြရအောင် မလုပ်မိစေဖို့ လိုပါတယ်။ မဟုတ်ရင် သင့်အနေနဲ့ မကျက်သေးတဲ့အနာ ပိုဆွရာရောက်သလို သင့်ရဲ့ ရှေ့ဆက်မယ့်ခရီးပါ အထိနာစရာတွေ ရှိလာနိုင်ပါတယ်။

ဒါကြောင့် ချစ်မှုရေးရာ အကြံပေးပညာရှင်တွေက ရည်စားဟောင်းနဲ့ Breakup လုပ်ပြီးရင် သူငယ်ချင်းလို ချက်ချင်းမနေလိုက်ဘဲ လုံလောက်တဲ့ ဝေးကွာမှုတစ်ခု ထားရှိဖို့ အကြံပေးကြတာ ဖြစ်ပါတယ်။

(၂) တစ်ယောက်နဲ့တစ်ယောက် တကယ်ပြတ်တာ သေချာပါစေ

Friendship အဆင့်ကို မတက်လှမ်းခင်မှာ ကိုယ်ရော သူပါ တကယ်ပြတ်ပြီဆိုတာ သေချာနေဖို့ လိုပါတယ်။ တကယ်ပြတ်နိုင်ပြီလားလို့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သေချာမေးပါ။

သူ့ဘက်က စိတ်ပြတ်နိုင်မှုပါ ထည့်တွက်ပြီးမှ သူငယ်ချင်းအဖြစ် ဆက်ပေါင်းပါ။ တကယ်မပြတ်နိုင်ဘဲ သူငယ်ချင်းလေးပါပဲ လုပ်တာဟာ ဘာကောင်းကျိုးမှ ရလာစရာ မရှိပါဘူး။

(၃) အရင်လို ခံစားချက်မရှိမှ သူငယ်ချင်းလုပ်ပါ

Ex တစ်ယောက်ကို သူငယ်ချင်းလို ခင်ရတဲ့ ဆက်ဆံရေးက အန္တရာယ်ရှိပါတယ်။ Ex အတော်များများဟာ Friendship လို့ ခေါ်တဲ့ ခင်မင်မှုကို ရိုမန်းတစ်ဆန်တဲ့ ဆက်ဆံရေးနဲ့ မှားတတ်ကြပါတယ်။ ရေရှည်မှာ ဒီလိုဆက်ဆံတဲ့ ပုံစံဟာ ပြဿနာဖြစ်လာနိုင်ပါတယ်။

သူငယ်ချင်းလို နေမယ်ဆိုရင် အရင်ပုံစံ လုံးဝ မဖြစ်ဖို့ လိုပါတယ်။ စိတ်ပိုင်းအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အဆက်ဟောင်းပေါ် ထားတဲ့သဘောထား ပြောင်းနိုင်ရင် သူငယ်ချင်းလို နေနိုင်ပါတယ်။

(၄) လိုအပ်သလောက်ပဲ ပတ်သက်ပါ

သူငယ်ချင်းအဖြစ် နေကြပြီဆိုရင် သူ့ဘဝအတွင်းထဲကို အရမ်းကြီး နေရာမယူမိဖို့ လိုပါတယ်။ သူငယ်ချင်းစည်းကို နားလည်ပါ။ ဖုန်းပြောတာ ၊ လူချင်းတွေ့တာလည်း စည်းကမ်းထားပါ။ အပြောအဆိုနဲ့ အနေအထိုင်တွေလည်း သူငယ်ချင်းဘောင်ကို မကျော်ဖို့ လိုပါတယ်။

ကိုယ့်ဘက်က စိတ်ပြတ်လို့ သူငယ်ချင်းလို ဆက်နေတယ်ဆိုရင်တောင် သိပ်ပြီး နီးကပ်လွန်းရင် မဖြစ်သင့်တာတွေ ကြုံနိုင်တယ်ဆိုတာ သတိပြုပါ။

(၅) နောက်ဆုတ်တတ်ပါစေ

Ex ကို သူငယ်ချင်းလို သဘောထားဖို့ဆိုတာက လူတိုင်းနဲ့ အဆင်ပြေတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ Emotional ဖြစ်လွယ်တဲ့ တချို့လူတွေ တချို့အခြေအနေတွေအတွက် Ex နဲ့ Friend ဖြစ်တာဟာ အလုပ်မဖြစ်တဲ့ကိစ္စပါ။

ဒီလို လူတွေအတွက် Ex နဲ့ သူငယ်ချင်း မလုပ်ဖို့ ပြောချင်ပါတယ်။ ကိုယ့်ကိုယ့်ကိုယ် ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲ သိတဲ့သူတွေအတွက်လောက်ပဲ Ex ဟာ သူငယ်ချင်း ဖြစ်လာနိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။