အခုခေတ်ထဲမှာတော့ လူကြီးပိုင်းများအဖြစ်များတတ်တဲ့ သတိမေ့ခြင်းဆိုတဲ့ကိစ္စဟာ လူငယ်တွေဆီမှာပါ အတော်များများတွေ့နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုခေတ်ရဲ့ပုံစံ (သို့မဟုတ်) ယဉ်ကျေးမှု လို့ ဆိုရမယ့် ဘယ်အရာကိုမဆို အလောတကြီးလုပ်ရခြင်းနဲ့ တပြိုင်နက်တည်း အလုပ် ၂ခု/ ၃ခု လုပ်ရခြင်းတွေကြောင့်ပါပဲ။

မနက်ပိုင်း အလုပ်သွားခါနီးအချိန်ကနေစလို့ အလုပ်မမှီမှာစိုးရိမ်ပြီး အလောတကြီး စလုပ်ရပါတယ်။ ပြီးတာနဲ့ တနေကုန် ဆက်လုပ်နေရတာတွေက ညအိပ်ခါနီးအချိန်ထိအောင်ပါပဲ။ ဒါကြောင့်မို့လို့ တခါတလေမှာ ကိုယ့်ကိုကိုယ်ဘာလုပ်နေမှန်းမသိတာတွေ၊ လုပ်လက်စအလုပ်ကိုမေ့သွားတာတွေက သာမန်နေ့စဉ်ကိစ္စတခုလိုဖြစ်လာတာက သိပ်တော့မထူးဆန်းပါဘူး။

တကယ်တော့ သတိမေ့ခြင်းဆိုတာက ကိစ္စအကြောင်းအရာတခုကို ဦးနှောက်က အချိန်မီသတင်းမပို့ပေးနိုင်ဘဲ အချိန်တခုနောက်ကျပြီးမှ သတင်းပေးပို့လိုက်ခြင်းပါ။ တကယ်တော့ သင်သာ သတိမမေ့တတ်ဘူးဆိုရင် ရလာနိုင်တဲ့အကျိုးဆက်တွေကတော့ ပိုပြီးကောင်းမွန်မယ်ဆိုတာ ပြောနေစရာတောင် မလိုလောက်ပါဘူး။

Origami လို့ ခေါ်တဲ့ ဂျပန်ရိုးရာစက္ကူခေါက်နည်းကို သင်ကြားဖူးရင် ကြားဖူးနေမှာပါ။ ဒီနည်းဟာ ကလေးတွေအတွက်သာ ကစားရုံသက်သက်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတခုပါပဲတဲ့။ သတိမေ့လျော့ခြင်းကို ကုစားတဲ့နေရာမှာ ကုထုံးတရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။

စက္ကူကို ပုံသွင်းတာ၊ ခေါက်တာနဲ့ ပုံစံအမျိုးမျိုးဖြစ်ပေါ်လာတဲ့အထိ ပြုလုပ်ရတဲ့အဆင့်အားလုံးဟာ သတိမေ့လျော့ခြင်းကို ကုစားဖို့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကို ငြိမ်သက်စေခြင်းနဲ့ သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးပါတယ်တဲ့။

ဒီလိုမျိုး Origami စက္ကူခေါက်ပြီး သင်ချစ်ရတဲ့သူကို လက်ဆောင်ပဲပေးပေး၊ အထိမ်းအမှတ်တခုခုအတွက်ပဲ ပေးပေး အသုံးဝင်ပါတယ်။ ဒီလိုလက်ဆောင်ပေးခံရတဲ့သူအတွက်လည်း သင့်ရဲ့ဂရုတစိုက် အသေးစိတ်ပြုလုပ်ပေးထားတာကို လက်ခံရလို့ စိတ်ကျေနပ်ကြည်နူးစေမှာဖြစ်ပါတယ်။