ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC ရဲ့ အချက်အလက်တွေအရ အရွယ်ရောက်သူ သုံး‌ယောက်မှာ တစ်ယောက်ဟာ အိပ်ရေးမဝကြဘူးလို့ ဆိုပါတယ်။ အိပ်ရေးမဝဘူးဆိုတာ တစ်ညကို အနည်းဆုံး ၇ နာရီ အိပ်ချိန် မရှိတာကို ပြောကြတာ ဖြစ်ပါတယ်။

အိပ်ရေးမဝခြင်းဟာ ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်ရာ ရောက်တယ်ဆိုတာ သိကြမှာပါ။ အိပ်ရေးမဝခြင်းဟာ ကိုယ်ခံအားစနစ် ကျဆင်းလာခြင်းနဲ့ ဆက်စပ်မှု ရှိသလို အဝလွန်ခြင်းနဲ့ သွေးဖိအားတက်ခြင်းတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဆို အိပ်ရေးပျက်တာ များလာရင် ဝက်ခြံရော ပေါက်နိုင်သလား။

Photo: GQ

ဝက်ခြံပေါက်လာပြီဆိုရင် အရင်ဆုံးစဉ်းစားမိတာက ဘာကြောင့်ပါလိမ့်ဆိုတဲ့ မေးခွန်းပဲ ဖြစ်မှာပါ။ တကယ်တော့ ဝက်ခြံပေါက်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ ဟော်မုန်းတွေကြောင့်ကနေ လူနေထိုင်မှုပုံစံအလွဲအမှားတွေကလည်း ဝက်ခြံပေါက်စေနိုင်တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

အိပ်ရေးပျက်လို့ ဝက်ခြံပေါက်နိုင်သလားဆိုရင် ဟုတ်တယ်လို့ ဖြေရပါလိမ့်မယ်။ အိပ်ရေးမဝတော့ဘူးဆိုရင် ဝက်ခြံဖုလေးတွေ တစ်ဖုစ နှစ်ဖုစ ပေါက်လာနိုင်ပါတယ်။ တကယ်တော့ ကိုယ်ခန္ဓာဟာ အိပ်စက်ချိန်မှာ ကိုယ်တွင်းပြုပြင်စီမံမှုတွေ လုပ်ပါတယ်။ အိပ်ရေးပျက်မှု များလာရင်တော့ ကော်တစ်ဆိုးပမာဏဟာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

Photo: Healthline

‌ကော်တစ်ဆိုး Level မြင့်တက်လာခြင်းဟာ ယောင်ယမ်းမှုကို ဖြစ်စေနိုင်ပြီး Sebum ထုတ်လုပ်မှု အလွန်အမင်း မြင့်မားလာစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားပေါ်မှာ ယောင်ယမ်းမှုနဲ့ အဆီများလာပြီး မွေးညင်းပေါက်တွေ ပိတ်ရာကနေ ဝက်ခြံဖုလေးတွေ ထွက်လာစေနိုင်ပါတယ်။

ဒါကြောင့် ဝက်ခြံမဖြစ်အောင် အိပ်ရေးဝဝ အိပ်နိုင်ဖို့ ကြိုးစားပါ။ အိပ်ခါနီး နာရီဝက် ၊ တစ်နာရီအလိုမှာ အီလက်ထရွန်းနစ်ပစ္စည်းသုံးတာမျိုး ရှောင်ကြဉ်ပါ။ တစ်နေ့ကို အနည်းဆုံးနာရီဝက် အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ အိပ်ရာဝင်ခါနီးမှာ ကဖိန်းနဲ့ အယ်လ်ကိုဟောပါဝင်တာတွေ ရှောင်ရှားဖို့ တိုက်တွန်းချင်ပါတယ်။