သင်လက်ရှိ ပိုင်ဆိုင်ထားတဲ့အချစ်ရေးက အမှန်တကယ်ပျော်ရွှင်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်ရဲ့လား။ Healthy Relationship တစ်ခုဖြစ်ရဲ့လား။ သူက ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်နိုင်ရဲ့လားဆိုတာကို အခုပြောမယ့် အချက်လေးတွေကနေ တဆင့် ဆန်းစစ်ကြည့်လို့ ရနိုင်ပါတယ်။

(၁) အပြန်အလှန် လေးစားမှုရှိလား

Relationship တစ်ခုဟာ တစ်သက်လုံးအတွက် ရေရှည်ခိုင်မြဲသွားနိုင်ဖို့ဆိုရင် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်လေးစားပြီး ယုံကြည်တဲ့ ဆက်ဆံရေးတစ်ခုရှိ ဖို့လိုပါတယ်။ ကိုယ့်အပေါ် အထင်ကြီး လေးစားမှုရှိဖို့လိုသလို ကိုယ့်ပါတနာအပေါ်ကိုလည်း လေးစားသမှု ပြန်ထားရမှာပါ။ တစ်ယောက်ကို တစ်ယောက်အထင်မြင်သေးပြီး လေးစားမှုမရှိဘူးဆိုရင် ရေရှည်ခရီးဆက်နိုင်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

(၂) အရှိအတိုင်း လက်ခံနိုင်လား

မတူညီတဲ့အမြင်တွေ ၊ ကိုယ်ပိုင်ခံယူချက်နဲ့ အားနည်းချက်တွေကို ပွင့်လင်းစွာ ပြောဆိုတိုင်ပင်လို့ ရလားဆိုတာလည်း အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ပုံစံမဟုတ်တဲ့ တစ်ခြားတစ်ယောက်မဖြစ်နဲ့ ရေရှည်ဟန်ဆောင်ထားလို့ မရနိုင်ပါဘူး။ ဟန်ဆောင်ခြင်းကင်းကင်းနဲ့ ကိုယ်ရဲ့အရှိအတိုင်းကို လက်ခံပြီး ချစ်ပေးနိုင်မှ ၊ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးရှိမှသာ သာယာပျော်ရွှင်တဲ့ အချစ်ရေး တစ်ခုတည်ဆောက်လို့ရမှာပါ။

(၃) သူဘက်ကိုယ့်ဘက် ထည့်စဉ်းစားပေးလား

အတွဲညီညီနဲ့ ရေရှည်လက်တွဲနိုင်ဖို့အတွက်ဆို တစ်ကိုယ်ကောင်းဆန်နေလို့ မရနိုင်ပါဘူး။ ဘာပဲလုပ်လုပ်တစ်ဦးတည်းရဲ့ သဘောနဲ့ ဆုံးဖြတ် ချက်မချပဲ နှစ်ဦးစလုံးရဲ့ သဘောဆန္ဒအပေါ်မူတည်ပြီး ညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးက သာတူညီမျှရှိပြီး အမြဲတမ်းတစ်ယောက်အတွက် တစ်ယောက်ထည့်စဉ်းစားပေးမှလည်း နားလည်မှုရှိရှိနဲ့ အတွဲညီညီ ရေရှည်လက်တွဲနိုင်မှာဖြစ်ပါတယ်။

(၄) တူညီမှုလေးတွေရှိရဲ့လား

ဝါသနာတူ ၊ အကြိုက်တူတဲ့ သူတွေက ရေရှည်လက်တွဲနိုင်ကြတယ်လို့ ပြောကြတာကြားဖူးကြမှာပါ။ ဟုတ်ပါတယ် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တူညီမှုလေးတွေရှိနေတာဟာ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ် ပိုခိုင်မာစေပြီး ရေရှည်လက်တွဲသွားနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ ဘယ်ကိစ္စမဆို သဘောထားချင်း မတိုက်ဆိုင် ၊ တူညီမှုလည်းမရှိ ၊ ကိုယ်ကဘယ်ဆို သူကညာဖြစ်နေရင် ဘယ်လိုနည်းနဲ့မှ ရေရှည်လက်တွဲနိုင်မှာ မဟုတ်ပါဘူး။