ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိတာက ဘဝအောင်မြင်မှုအတွက် လမ်းစတစ်ခုပါပဲ။ ဘယ်အရာမဆို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး တည်ဆောက်ထားတာက သင့်ရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ပြီးသားဖြစ်သလို လွယ်လွယ်နဲ့ စိတ်ဓာတ်မကျအောင် ကာကွယ်ပြီးသားလည်းဖြစ်စေမှာပါ။ သင်က အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ခံစားရရင်တော့ ယုံကြည်မှုပြန်ရဖို့ လေ့ကျင်ပေးလို့ရတဲ့ အရာတွေရှိပါတယ်။

ဒီတစ်ခေါက်မှာ စိတ်ခွန်အားအပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်ဖို့ ပြုလုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ကိုယ့်အရည်အချင်းတွေအပေါ် အာရုံစိုက်ပါ


မယုံကြည်တဲ့စိတ်ကိုဖျောက်ဖို့ ကိုယ့်အရည်အချင်းနဲ့ အားသာချက်တွေအပေါ် အာရုံစိုက်ထားဖို့လိုပါတယ်။ ကိုယ်တကယ်လုပ်နိုင်တဲ့အရာတွေကို ပြန်တွေးကြည့်ပါ။ ကျရှုံးမှုနဲ့ ရင်ဆိုင်ရရင်တောင် သင်ဟာ အရည်အချင်းရှိတဲ့သူဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုတတ်ဖို့လိုပါတယ်။

၂။ ကိုယ့်လုပ်နိုင်စွမ်းကိုယ် ယုံကြည်ပါ

ဘဝကို ယုံကြည်မှုရှိရှိလျှောက်လှမ်းနေသူတွေက သူတို့ဆုံးဖြတ်တဲ့အတိုင်း မဖြစ်ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားကြသူတွေပါ။ သင့်အနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးဖို့ ကိုယ့်လုပ်နိုင်စွမ်းကို လျှော့မတွက်ဘဲ ဘယ်အရာမဆိုလုပ်နိုင်အောင် အရင်ကြိုးစားကြည့်သင့်ပါတယ်။

၃။ အဆိုးမြင်အတွေးတွေ စွန့်ပစ်လိုက်ပါ

မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ပြီး အဆိုးမြင်တတ်တဲ့စိတ်က ယုံကြည်မှုလျော့အောင် ကိုယ်တိုင်လုပ်မိနေသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် မလုပ်ခင်ကတည်းက စိတ်ပူပန်မှုများပြီး အဆိုးမြင်နေတတ်တဲ့စိတ်ကို ပြုပြင်ကြည့်ပါ။ အခက်အခဲတိုင်းကို အကောင်းဘက်ကတွေးပြီး ရင်ဆိုင်တတ်အောင်လည်း လေ့ကျင့်ပေးသင့်ပါတယ်။

၄။ တိုးတက်မှုရှိမရှိ ဆန်းစစ်နေပါ

ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပြီး အထင်ကြီးစိတ်ဝင်စေဖို့ ကိစ္စတစ်ခုကို အောင်မြင်တဲ့အထိ လုပ်တတ်တဲ့အလေ့အကျင့်ကို မွေးမြူပေးပါ။ ကိုယ့်အတွက် ဂုဏ်ယူစရာတစ်ခုလုပ်ပြီးတိုင်း ကိုယ်ဘယ်လောက်တိုးတက်သွားလည်း ပြန်ဆန်းစစ်ပေးဖို့ မမေ့ပါနဲ့။ သင့်အနေနဲ့ တစ်ခုခုတိုးတက်သွားတယ်ဆိုတဲ့အသိက ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်စိတ်ချလာဖို့ တွန်းအားဖြစ်စေမှာပါ။

၅။ စိန်ခေါ်မှုအသစ်တွေကို လက်ခံပါ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိလို့ မစခင်ကတည်းက အရှုံးပေးလိုက်တာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုနဲ့ ဘာမှမဖြစ်လာလို့ နောင်တရပြီး စိတ်ဓာတ်ကျမယ့်အစား စိန်ခေါ်မှုတွေကို ရင်ဆိုင်တတ်အောင် ကြိုးစားကြည့်သင့်ပါတယ်။ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီး ပန်းတိုင်တစ်ခုရောက်အောင်လုပ်မှ သင့်ကိုယ်သင် ယုံကြည်စိတ် ပိုတိုးလာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar