Bucket Hat ဖက်ရှင်ဟာ ၈၀ နဲ့ ၉၀ ခုနှစ်ဝန်းကျင်ကာလတွေမှာ ဖက်ရှင်ချစ်သူတွေကြား တစ်စထက်တစ်စ ရေပန်းစားလာတဲ့ Streetwear ဖက်ရှင်အသုံးအဆောင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ရာသီမရွေးဝတ်ဆင်နိုင်တဲ့အတွက် Bucket Hat တွေကို ဘယ်လိုမျိုး အထာကျကျဝတ်ဆင်နိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အနက်ရောင် Bucket ဦးထုပ်များ

ဖက်ရှင်ကျတဲ့သူတိုင်း အနက်ရောင် Bucket Hat တစ်ဦးလုံးတော့ ရှိထားသင့်ပါတယ်။ အနက်ရောင် Bucket ဦးထုပ်တွေက Blazer နဲ့ပဲတွဲဝတ်မလား ၊ Oversized ဘောင်းဘီ ဒါမှမဟုတ် Jeans နဲ့ T-shirt နဲ့ပဲ တွဲဝတ်ဆင်မလား အဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်တိုင်းလိုလိုနဲ့ လိုက်ဖက်တဲ့ ဦးထုပ်တစ်လုံးလို့လည်း ပြောနိုင်ပါတယ်။

(၂) Tie-Dye Bucket ဦးထုပ်များ

‌ရေစိုစတိုင် Tie-Dye Bucket ဦးထုပ်တွေကလည်း လူငယ်ကြားမှာ ရေပန်းစားပါတယ်။ သက်တန့်ရောင် ဆေးဆိုးထားတဲ့ Tie-Dye Bucket ဦးထုပ်တွေက ရာသီမရွေးဝတ်နိုင်ပြီး Outfits ကို ပိုလင်းသွားစေပါတယ်။ အရောင်ခပ်ဖျော့ဖျော့ Monochrome outfit တွေနဲ့ တွဲဝတ်နိုင်သလို အဖြူ/အမဲ Outfit တွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း လိုက်ဖက်မှုရှိတဲ့ ဦးထုပ်တွေပဲ ဖြစ်ပါတယ်။

(၃) နက်ပြာရောင် Bucket ဦးထုပ်များ

Navy ရောင်ကတော့ လူကြိုက်အများဆုံး ကာလာတွေထဲက တစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ Navy ရောင် Bucket ဦးထုပ်တွေ ဝတ်မယ်ဆိုရင် အညိုဖျော့ဖျော့ suits တွေ ၊ မီးခိုးရောင် ဆွယ်တာ ၊ blue jeans တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ လူငယ်ဆန်ဆန် အဆင်း/အကွက် pants တွေနဲ့ ရှပ်အင်္ကျီတွေနဲ့လည်း တွဲဝတ်မယ်ဆိုရင်လည်း အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

(၄) အဖြူရောင် Bucket ဦးထုပ်များ

ရိုးရိုးရှင်းရှင်းနဲ့အထာကျတဲ့ ဖက်ရှင်မျိုးကြိုက်တဲ့သူတို့အတွက်တော့ အဖြူရောင် Bucket ဦးထုပ်တွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။ အဖြူရောင်ဖြစ်တဲ့အတွက် Outfit စတိုင်တော်တော်များများနဲ့ တွဲဝတ်လို့ အဆင်ပြေပါတယ်။ အပြာ၊ အစိမ်းနဲ့ အနီရောင်တွေလို အရောင်ခပ်တောက်တောက် Outfit တွေနဲ့ တွဲဝတ်နိုင်သလို ရိုးရိုးရှင်းရှင်းနဲ့ အထာကျတဲ့ ကာလာအနု ဘက်သွားတဲ့ ဖက်ရှင်တွေနဲ့ တွဲဝတ်လို့လည်း အကောင်းဆုံး ဖြစ်ပါတယ်။

(၅) အဝါရောင် Bucket ဦးထုပ်များ

တောက်တောက်ပြောင်ပြောင်နဲ့ ထင်ထင်ပေါ်ပေါ်ရှိတဲ့ ဖက်ရှင်ပုံစံမျိုး ကြိုက်သူတွေကတော့ အဝါရောင် Bucket ဦးထုပ်တွေကို ရွေးချယ်နိုင်ပါတယ်။ အဖြူရောင်၊ မီးခိုးရောင်နဲ့ အပြာရောင်တို့ ရောစပ်ထားတဲ့ ဖက်ရှင်တွေနဲ့ တွဲဝတ်မယ်ဆိုရင် လူငယ်ဆန်ပြီး အထာကျတဲ့ ဖက်ရှင်အသွင်ပြင်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။