မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ကိုချထားတာထက် ပုံစံဆန်းဆန်းလေးတွေ စည်းရတာ၊ ကျစ်ရတာကြိုက်တဲ့ပျိုမေတို့အတွက် လတ်တလော နိုင်ငံခြား Cele တွေကြားခေတ်စားနေတဲ့ အသည်းပုံကျစ်ဆံမြီးပုံစံ ဆံပင်ပြင်ဆင်နည်းလေးကို ဖော်ပြပေးချင်ပါတယ်နော်။ သူ့ရဲ့ပုံစံလေးကတော့ ခေါင်းစည်းကြိုးအသေးလေးတွေနဲ့ ဆံပင်ကိုအလုံးလေးတွေ ဖောင်းပေးရတဲ့ Bubble Braid ကျစ်နည်းကိုမှ ပုံမှန် ကျစ်ဆံမြီးအသေးလေးတွေနဲ့ပေါင်းပြီး အသည်းပုံလေးဖော်ပေးရတာမျိုးပါ။ အသည်းလေးတွေကို ကိုယ့်စိတ်ကြိုက်ထည့်ချင်သလောက် ကျစ်ရုံပဲမို့ တစ်ယောက်နဲ့တစ်ယောက်စတိုင်မတူအောင် ကျစ်လို့ရတဲ့ပုံစံလေးပါနော်။ Bubble Braid တွေက ကျစ်ရလွယ်ပြီး အသက်ငယ်ပုံပေါက်တာမို့ မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပါတယ်။ ဒီတော့ ကျစ်နည်းလေးကို သိချင်တယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

အပေါ်မှာပြောထားသလို ဆံကြောင်းနှစ်ဖက်ခွဲကာ အရင်ဆုံး ခေါင်းစည်းကြိုးအသေးလေးနှစ်ခုနဲ့ အပေါ်ထိဆွဲပြီး Bubble Braid တစ်ခုရအောင်ကျစ်လိုက်ပါ။

ဒုတိယစည်းထားတဲ့အောက်ကနေ ကျစ်ဆံမြီးအသေးလေး နှစ်ခုကျစ်ပါမယ်။


ပြီးတဲ့အခါ အဲ့ဒီနှစ်ကျစ်ကို မ တင်ပြီး ဒုတိယ ခေါင်းစည်းကြိုးထဲကို Bubble Braid နဲ့အတူ ပေါင်းစည်းလိုက်ပါမယ်။


ပုံထဲကလို ကျစ်ဆံမြီး ပြောင်းပြန်ပုံစံလေးရသွားတဲ့အခါ ဒီနှစ်ကျစ်ကိုပဲ ပြန်ပေါင်းပြီး ခေါင်းစည်းကြိုးအသေးနောက်တစ်ခုနဲ့ အတည့်ပြန်စည်းပါမယ်။ အလယ်က Bubble Braid ပုံစံလေးဖြစ်အောင် ပြန်ဖောင်းပေးလိုက်ပါ။


ထွက်နေသေးတဲ့ ကျစ်ဆံမြီးနှစ်ကြိုးကိုလည်း ပထမဆုံးတစ်ခေါက်ကလို ပြောင်းပြန်ပြန်တင်ပြီး နောက်ထပ်ခေါင်းစည်းကြိုးတစ်ခုနဲ့ ပြန်စုစည်းပေးပါနော်။


စည်းပြီး အောက်ပြန်ချကာ နောက်တစ်ကြိမ်ထပ်ပြီး အတည့်စုစည်းပေးလိုက်ပါ။ ကြားထဲက ဆံပင်တွေကို ဖောင်းဖောင်းလေးပြန်ဖွပေးဖို့လည်း မမေ့ပါနဲ့။


ထည့်ကျစ်ထားတဲ့ ကျစ်ဆံမြီးလေးနှစ်ဖက်က ဘေးဘက်ကိုခပ်ကားကားလေးဖြစ်နေတာမို့ အသည်းပုံလေးလို မြင်ရစေမှာပါ။

သင့်အနေနဲ့ အပေါ်ကနည်းအတိုင်းထပ်ခါထပ်ခါ ပြန်စည်းကာ အသည်းပုံစံလေးပြုလုပ်နိုင်ပြီး လိုချင်သလောက်ရပြီဆိုရင်တော့ ပိုနေတဲ့ကျစ်ဆံမြီးနှစ်ဖက်ကို နောက်မှာထားကာ ခေါင်းစည်းကြိုးအသေးလေးတွေနဲ့ ပုံမှန် Bubble Braid လေးတွေနဲ့အတူ အပေါ်မလှန်တော့ဘဲ တည့်တည့်ပေါင်းကျစ်သွားနိုင်ပါတယ်။


ဒီကျစ်နည်းလေးက လုပ်ရအရမ်းမခက်သလို အချိန်လည်းသိပ်မပေးရဘဲ အမြင်ဆန်းတဲ့ Hairstyle လေးဖြစ်တာမို့ မိန်းကလေးတော်တော်များများ အကြိုက်တွေ့စေမှာပါ။ သင်ကိုယ်တိုင်လည်း စမ်းကြည့်ချင်တယ်ဆိုရင် ဖော်ပြထားတဲ့နည်းလေးသုံးပြီး စမ်းစည်းကြည့်လိုက်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar