နှင်းဆီပန်းက အဆင်းလှရုံသာမက သင့်မျက်နှာအသားအရေအတွက်လည်း အကျိုးကျေးဇူးတွေ များစွာရှိနေပါတယ်။ နှင်းဆီပန်းကို သင့်မျက်နှာအသားအရေအတွက် ဘယ်လိုအသုံးပြုရမလဲဆိုတာ မျှဝေပေးပါမယ်။

၁။ တိုနာ

နှင်းဆီရေ (Rose Water)ကို သဘာ၀ Toner အဖြစ် အသုံးပြုလို့ရပါတယ်။ နှင်းဆီးပန်းပွင့်လေးတွေကို ရေသေချာဆေးပြီး ရေနဲ့ တစ်ညလုံးစိမ်ထားပါ။ ပြီးရင် စပရေးဘူးတစ်ခုထဲထည့်ထားပါ။ ကိုယ်တိုင်မလုပ်ချင်ဘူးဆိုရင်လည်း Rose Water တွေကို အလှကုန်ပစ္စည်းဆိုင်တွေမှာ မေးဝယ်လို့ ရပါတယ်နော်။ အဲဒီ နှင်းဆီရေကို မျက်နှာအသားအရေသန့်စင်ဖို့နဲ့ ကြည်လင်စိုပြေစေဖို့ တိုနာအနေနဲ့ သုံးလို့ရပါတယ်။

၂။ ဝက်ခြံတွေကို ပျောက်ကင်းဖို့နဲ့ ကာကွယ်ဖို့

ဝက်ခြံဟာ အမျိုးသမီးတွေအတွက် အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ နှင်းဆီပန်းပွင့်လေးတွေနဲ့ ဝက်ခြံပြဿနာကို ဖြေရှင်းလို့ရပါပြီ။ နှင်းဆီပန်းကို ကြိတ်စက်နဲ့ကြိတ်လိုက်ပါ။ ပြီးရင် နှင်းဆီရေထည့်ပါ။ ပြီးရင်ပျားရည်နည်းနည်းထည့်ပါ။ စန္ဒကူးနံ့သာမှုန့် (Sandalwood Powder) နည်းနည်းထည့်ပါ။ ပြီးရင် သေချာမွှေလိုက်ပြီး မျက်နှာပေါ်မှာလိမ်းပေးကာ ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ ဝက်ခြံလေးတွေ သိသိသာသာ သက်သာသွားမှာပါ။

၃။ မျက်ကွင်းညိုတာသက်သာစေဖို့

မျက်ကွင်းညိုတတ်တဲ့သူတွေ မျက်ကွင်းရောင်တတ်တဲ့သူတွေအတွက် နှင်းဆီပန်းပွင့်လေးတွေကို သုံးလို့ရပါတယ်။ ဝါဂွမ်းနဲ့ နှင်းဆီရေကို တို့လိုက်ပြီး မျက်လုံးအောက်နားမှာ လိမ်းပေးကာ ၁၀ မိနစ်လောက်ထားပါ။ အိပ်ယာမဝင်ခင် ညတိုင်းလုပ်ပေးပါ။

၄။ ဦးရေပြားကျန်းမာရေးအတွက်

အသားအရေအတွက်သာမက ဦးရေပြားနဲ့ ဆံကေသာကျန်းမာရေးအတွက်လည်း နှင်းဆီကိုသုံးနိုင်ပါတယ်။ နှင်းဆီပန်းပွင့်တွေကို ရေနွေးနဲ့ ပြုတ်အအေးခံပြီး ခေါင်းလျှော်ပေးမယ်ဆိုရင် ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆံကေသာကို သန်စွမ်းစေမှာပါ။

၅။ စိတ်ကြည်လင်ပြီး အပန်းပြေစေဖို့

အလုပ်တွေများလို့ စိတ်ညစ်နေတဲ့သူတွေအတွက် နှင်းဆီပန်းပွင့်လေးတွေကို အသုံးပြုနိုင်ပါတယ်နော်။ ရေအေး ရေနွေးနဲ့ နှင်းဆီပန်းရောပြီး တကိုယ်လုံးကိုစိမ်ပေးပါ။ စိတ်ပင်းပန်းမှု စိတ်ဖိစီးမှုတွေကို သက်သာစေမှာဖြစ်ပါတယ်။