ကမ္ဘာပေါ်မှာ လှပတဲ့ အမျိုးသမီးတွေ အများကြီး ထွက်ပေါ်လာတဲ့ နိုင်ငံတွေကို စာရင်းစစ်လိုက်မယ်ဆိုရင် ဘရာဇီးနိုင်ငံက ကျိန်းသေပေါက်ကို တစ်ခုအနေနဲ့ ပါဝင်နေတာကို တွေ့ရမှာပါ။

သူတို့ကို ကြည့်လိုက်မယ်ဆိုရင်လည်း အသားအရေကြည့်မလား၊ ဆံသားပဲပြောမလား၊ လက်သည်းခြေသည်းတွေကအစ အပြစ်ပြောစရာနေရာကို ရှိမယ်မထင်ပါဘူးနော်။

လှတယ်ဆိုလို့လည်း အခုခေတ်စားနေသလိုမျိုး ပလတ်စတစ်ဆာဂျရီတွေ လုပ်ထားလို့မဟုတ်ဘဲ သဘာဝအတိုင်း ဂရုစိုက်ပြီးတော့ လှနေကြတာပဲဖြစ်ပါတယ်။

အပေါ်ယံအလှဖြစ်တဲ့ မိတ်ကပ်တွေ၊ လက်ဝတ်လက်စားတွေကို တကူးတက ဝတ်ဆင်ပြီးတော့ ကြိုးစားနေကြတာမဟုတ်ဘဲ ငယ်ငယ်လေးကတည်းက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အလှအပရေးရာ လျှို့ဝှက်ချက်တွေကြောင့်ပါပဲ။

ဘယ်လိုနည်းလမ်းတွေနဲ့ ဒီလောက်လှနေကြတာဖြစ်မလဲဆိုတာကို အခုပဲ ဆက်ကြည့်လိုက်ရအောင်နော်။

၁. အုန်းရည်သောက်ပါ

အုန်းရည်က ကျန်းမာရေးအတွက်သာ အကျိုးဖြစ်စေတာမဟုတ်ဘဲ ဗီတာမင်တွေနဲ့ သတ္ထုဓာတ်တွေပါဝင်တာကြောင့် အလှအပရေးရာအတွက်မှာဆိုရင်လည်း အသားအရေကို ဝင်းလက်စိုပြေစေပါတယ်။

ခြောက်သွေ့တဲ့အသားအရည်ရှိတာလား၊ ဒါမှမဟုတ် ဝက်ခြံပေါက်တတ်သူလား၊ အိုမင်းရင့်ရော်မှုကို နှေးကွေးချင်တဲ့သူတွေအဖို့ အုန်းရည်ကို မျက်နှာမှာ တိုက်ရိုက်လိမ်းပေးလိုက်ပါ။

ကျွမ်းကျင်ပညာရှင်တွေကတော့ အုန်းရည်ကို သောက်သုံးပေးတာက အရေးကြောင်းတွေလျှော့ချဖို့၊ အသားအရေအစိုဓာတ်ဖြည့်ဖို့တို့အတွက် ပိုပြီးထိရောက်တယ်လို့ ဆိုကြပါတယ်။ နောက်ပြီး အုန်းရည်သောက်သုံးရာမှာလည်း ဘာသကြား၊ ဆေးသကြားမှ မထည့်ဘဲနဲ့ သဘာဝအတိုင်း သောက်သုံးပေးသင့်ပါတယ်။

၂. အသားအရေကို သဲနဲ့ပွတ်ပေးခြင်း

ချွေးပေါက်တွေပိတ်ဆို့နေခြင်းနဲ့ ဝက်ခြံပေါက်တာတွေကို ကာကွယ်ဖို့အတွက် အသားအရေကို ချေးချွတ်ဖို့ လိုအပ်ပါတယ်။ လက်နဲ့ခြေထောက်က ဆဲလ်သေတွေကို ဖယ်ရှားပစ်ဖို့ရန် ရေစွတ်ထားတဲ့ သဲအစိုကို သဘာဝနည်းလမ်းအဖြစ် အသုံးပြုပေးနိုင်ပါတယ်။

သို့သော်လည်း သဲက နဂိုကြမ်းတမ်းတဲ့ အနေအထားရှိတာကြောင့် အသားအရေမှာပွတ်တော့မယ်ဆိုရင် ဖြည်းဖြည်းချင်း ညှင်ညှင်သာသာလေး ပွတ်ပေးဖို့တော့ လိုပါမယ်နော်။ ဒီနည်းလမ်းလေးက ခန္ဓာကိုယ်အတွက်သာဖြစ်ပြီး မျက်နှာကိုတော့ လုံးဝ အသုံးမပြုသင့်ပါဘူးနော်။

၃. မုန်လာဥနီဖျော်ရည်သောက်ပါ

ကင်ဆာ၊ မျက်လုံး၊ ကိုယ်ခံအား စတာတွေအတွက် အထူးကောင်းမွန်တဲ့ မုန်လာဥနီဖျော်ရည်က အသားအရေအတွက်လည်း အင်မတန် အကျိုးရှိပါသေးတယ်။ ဗီတာမင်စီ အမြောက်အမြားပါဝင်တာမို့ Collagen ထုတ်လုပ်မှုအတွက် အထောက်အပံ့ဖြစ်စေပြီး အသားအရေကိုလည်း တင်းတင်းရင်းရင်း ရှိစေပါတယ်။

၄. Lymphatic အနှိပ်ခံပါ

Lymphatic Massage ဆိုတာက ဖောရောင်နေတဲ့ သင့်ရဲ့လက်တွေ ခြေထောက်တွေကို နာကျင်မှုသက်သာအောင် ကူညီပေးတဲ့ အပျော့စား နှိပ်နယ်မှုဖြစ်ပါတယ်။ တစ်ခုရှိတာက ဆရာဝန်တွေနဲ့တော့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

၅. ဆံပင်နဲ့ အသားအရေကို ပင်လယ်ရေ စွတ်ပေးပါ

တစ်လ တစ်ခါလောက်ဖြစ်ဖြစ် ပင်လယ်ရေကို ဆံပင်မှာ စွတ်ပေးမယ်ဆိုရင် ဘာအပူစက်ကိရိယာမှ အသုံးမပြုဘဲနဲ့ ဆံပင်ကို စိတ်တိုင်းကျ ပုံသွင်းနိုင်မှာဖြစ်ပါတယ်။ ပင်လယ်ရေမှာက ဆားခရစ္စတယ်လေးတွေ ပါဝင်တာမို့ ဆံပင်ကို ပိုပြီးထူထဲပုံကျစေမှာပါ။

ဆံပင်အတွက်သာမက အသားအရေအတွက်ဆိုရင်လည်း ပင်လယ်ရေက နှင်းခူနာကို ကုသပေးပြီး၊ အလက်ဂျစ်ကိုလည်း သက်သာစေကာ အသားအရေကိုလည်း ဂျေးချွတ်ပေးနိုင်ပါသေးတယ်။

၆. ရေညှိစားသုံးပေးပါ

ရေညှိက ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး antioxidant ဓာတ်တွေလည်း ပါဝင်လို့ အသားအရေကို အရင်ထက် ပိုပြီးကောင်းမွန်စေမှာဖြစ်ပါတယ်။ အစိုဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်တာကြောင့် ဝက်ခြံပေါက်ခြင်းမှလည်း ကာကွယ်ပေးမှာပါ။ မညီမညာဖြစ်နေတဲ့ အသားအရေကိုလည်း ညှိပေးမှာဖြစ်သလို အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးကွေးစေမှာပါ။

၇. မျက်နှာနဲ့ခန္ဓာကိုယ်အတွက် သကြားအညိုကိုသုံးပြီး ဂျေးချွတ်ပါ

ဒီနည်းလမ်းလေးကတော့ အလှအပရေးရာနဲ့ ပတ်သက်ပြီး အများစုသိထားပြီးသားဖြစ်သလို လိုက်လံလုပ်ဆောင်နေကြတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ Sensitive အသားအရေတွေတောင်မှ အိမ်မှာရှိနေတဲ့ သကြားအညိုက အသုံးဝင်စေမှာပါ။

လိမ်းထားချိန်မှာတော့ ခန္ဓာကိုယ်မှာ စေးကပ်ကပ်ဖြစ်သလို ခံစားနိုင်ရပေမယ့် ရေဆေးချပြီးရင်တော့ အသားအရေရဲ့ သိသာလာမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။