တစ်နေ့တာလုံး ရေမွှေးနံ့သင်းသင်းလေးနဲ့ မွှေးပျံ့ချင်တယ်ဆိုရင် ရေမွှေးဖြန်းတဲ့အခါ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို လိုက်နာဖို့လိုပါလိမ့်မယ်။

အချို့ကလည်း ရေမွှေးဖြန်းတဲ့အခါ သွေးကြောလေးပေါ်မှာ ဖြန်းရတယ်လို့ ဆိုကြပြီး အချို့က လည်ဂုတ်နားမှာ ဖြန်းရတယ်။ လက်ကောက်ဝတ်အတွင်းဘက်မှာ ဖြန်းရတယ် စသည်ဖြင့် ဝိဝါဒ ကွဲလေ့ရှိပါတယ်။

ထိုကဲ့သို့ မသဲကွဲဖြစ်နေကြသူများအတွက် ရေမွှေးဖြန်းတဲ့အခါ အဖြန်းသင့်ဆုံးနေရာ (၄) နေရာကို ဖော်ပြပေးလိုက်ပါ။ ဒီလေးနေရာပေါ်မှာ ပက်ဖြန်းလိုက်မယ်ဆိုရင် ရေမွှေးနံ့လေးက တစ်နေ့တာလုံး ကြာရှည်ခံနေမှာပါ။

ဒူးခေါင်းအနောက်ဘက်မှာ ပက်ဖြန်းပါ

ဒူးခေါင်းအနောက်နေရာမှာ သွေးကြောကြီးရှိတဲ့အတွက်ကြောင့် ရေမွှေးဖြန်းပေးပါက တစ်နေ့တာလုံး မွှေးပျံ့နေမှာပါ။ ရေချိုးပြီးပြီးချင်း (သို့) လိုးရှင်းလိမ်းပြီးတာနဲ့ ချက်ချင်းရေမွှေး ဆွတ်လိုက်ပါ။

ပေါင် အတွင်းသားနေရာမှာ ပက်ဖြန်းပါ

ပေါင်အတွင်းသားနေရာမှာ ရေမွှေးဖြန်းခြင်းအားဖြင့် ခန္ဓာကိုယ်အပူချိန်က ရေမွှေးနံ့ကို တစ်နေ့လုံးခံအောင် ကူညီပေးပါတယ်။

ရင်ကြားနေရာမှာ ပက်ဖြန်းပါ

အဝတ်အစားမဝတ်ခင်မှာ ရင်ကြားတစ်ဝိုက်တွင် ရေမွှေးဖြင့် ပက်ဖြန်းပေးပါက လက်ကောက်ဝတ်မှာ ဖြန်းတာထက် ပိုပြီး ထိရောက်မှာရှိပါတယ်။

ဝမ်းဗိုက်နေရာမှာ ပက်ဖြန်းပါ

ဝမ်းဗိုက်နေရာမှာ ရေမွှေးဖြန်းပေးပါကလည်း တစ်နေ့လုံး ရေမွှေးနံ့ သင်းပျံ့နေအောင် ကူညီပေးနိုင်ပါတယ်။

ရေမွှေး မဖြန်းသင့်တဲ့နေရာ (၄) နေရာကတော့

ချိုင်းကြားနေရာ

ချိုင်းကြားမှာ ရေမွှေးဖြန်းခြင်းကြောင့် ချိုင်းကထွက်တဲ့ ချွေးနံ့နဲ့ ရေမွှေးနံ့ ပေါင်းစပ်သွားတဲ့အခါ ချွေးနံ့ ပိုပြင်းသွားစေပြီး ယားယံမှုကို ဖြစ်ပေါ်စေပါတယ်။

အတွင်းခံဝတ်သောနေရာ

အတွင်းခံဝတ်သောနေရာတွင် ရေမွှေးဖြန်းခြင်းက အရေပြားကို ခြောက်စေပြီး ယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ကို ခံစားရစေပါတယ်။ ဒါ့အပြင် မိန်းမအင်္ဂါကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါ့ကြောင့် pH ပမာဏကို ထိန်းညှိပေးတဲ့ အမျိုးသမီးသုံးသန့်စင်ဆေးရည်ကိုသာ အသုံးပြုသင့်ပါတယ်။

အောက်မျက်ခမ်းစပ်

အောက်မျက်ခမ်းစပ်တစ်ဝိုက် ရေမွှေးဖြန်းခြင်းကလည်း သင့်ရဲ့အမြင်အာရုံကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

လက်ဖဝါး

လက်ဖဝါးပေါ် ရေမွှေးဖြန်းခြင်းကလည်း သင့်ရဲ့အသားအရေကို ခြောက်စေပြီး အရေခွံကွာစေပါတယ်။ ဒါ့အပြင် လက်ခဏခဏ ဆေးနေတဲ့သူများအဖို့ ရေမွှေးရနံ့က အကြာကြီးခံမှာမဟုတ်ပါဘူး။

Source: Brightside.me