မိတ်ကပ်လိမ်းပြီးနောက် အပေါ်က ပါးနီထပ်မလိမ်းတာက မျက်နှာကိုဖြူဖက်ဖြူရော်ဖြစ်ပြီး အရောင်မှိုင်းစေပါတယ်။ ပါးနီအရောင်ထွက်လှတာလေးတွေ လိမ်းပေးတဲ့အခါ မျက်နှာလေး ပိုလင်းပြီး ငယ်ရွယ်ပုံပေါ်စေတာမို့ မိတ်ကပ်လိမ်းတတ်တဲ့ မိန်းကလေးတွေအတွက် ပါးနီအဆင့်က မရှိမဖြစ်ပါပဲ။

ပါးနီကို မိတ်ကပ်နဲ့လိုက်အောင်မလိမ်းတာ၊ အလွန်အကျွံသုံးတာစတဲ့ လိမ်းနည်းအမှားတွေလုပ်မိတာကလည်း သင့်မျက်နှာကို သဘာဝမဆန်ဘဲ ပိုကြည့်ရဆိုးစေတတ်တာကြောင့် ဒီလိုမဖြစ်ရအောင် တော်ရုံနဲ့မပျယ်ဘဲ တစ်နေကုန်နီးပါး Glow နေတဲ့ ပါးမို့မို့လေးတွေရစေမယ့် လိမ်းခြယ်နည်းအချို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပါးနီကို ပါးစောင်နဲ့ကပ်ပြီး ခပ်မြင့်မြင့်လေး ခြယ်ကြည့်ပါ

ပါးနီကို မျက်နှာတည့်တည့်ခြယ်တာထက် ပါးစောင်နား ခပ်မြင့်မြင့်နေရာမှာ မျက်လုံးထောင့် ဘေးဘက်ကပ်ပြီး ခြယ်ပေးတာက မျက်နှာအချိုးအစားပိုပေါ်ပြီး သွယ်သွားစေပါတယ်။ ပါးဖောင်းနေတာမျိုးကို မကြိုက်တဲ့သူတွေ စမ်းကြည့်သင့်တဲ့ လိမ်းခြယ်နည်းဖြစ်ပါတယ်။

Liquid ပါးနီနဲ့ Highlighter ကို အတူရောကာ လိမ်းခြယ်နည်း

ပါးလေးကို Glow ပြီး ပြောင်ပြောင်လေးဖြစ်ချင်တဲ့သူတွေ သုံးကြည့်သင့်တဲ့နည်းတစ်ခုဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ Liquid အမျိုးအစား ပါးနီလေးကို Highlighter နဲ့ပေါင်းကာ ပါးပေါ်မှာ ကိုယ်လိုသလောက် အစက်လေးတွေချပြီး Blend လုပ်ပေးရမှာပါ။ လိမ်းနေကျမဟုတ်တဲ့သူတွေကတော့ ကိုယ့်မျက်နှာနဲ့ သင့်တော်မယ့် ပမာဏကိုသိဖို့ ပါးပေါ်မှာ တိုက်ရိုက်မလိမ်းခင် အရင်ဆုံး လက်ခုံပေါ်မှာ စမ်းကြည့်တာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

လက်ဖဝါးသုံးပြီး ပါးနီဆိုးနည်း

နောက်ထပ်စမ်းကြည့်နိုင်မယ့် ဆန်းသစ်တဲ့နည်းတစ်ခုကတော့ လက်ဖဝါးနဲ့ပွတ်ပြီး လိမ်းရတဲ့နည်းပါ။ ပထမဆုံး Liquid Blusher အနည်းငယ်ကို သင့်လက်ဖဝါးတစ်ဖက်မှာ လိမ်းပေးပါ။


ပြီးတဲ့အခါ လက်ဖဝါးအချင်းချင်းပွတ်ပြီး Blend လုပ်ပေးရပါမယ်။


ပြီးရင်တော့ သင့်ပါးပေါ်မှာ ဖြန့်လိမ်းပေးလိုက်ရုံပါပဲ။


သပ်သပ်ရပ်ရပ်လေးဖြစ်သွားအောင် လက်ချောင်းတွေနဲ့ ခပ်ဖွဖွပုတ်ပြီး ညှိပေးလိုက်ပါ။ သဘာဝဆန်တဲ့ ပါးနီ ခပ်ပြေပြေလေးကိုရရှိစေမှာဖြစ်ပါတယ်။

Source: preview.ph