ပျိုမေတို့ရေ မင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ဝိတ်ချဖို့ကြိုးစားနေပေမယ့် ကိုယ်ထင်သလောက် မကျလာဘဲ ချဖို့ခက်ခဲနေတယ်လို့ ခံစားနေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ သင့်ရဲ့ဝိတ်ချနည်းကို ဒီဆောင်းပါးမှာပါဝင်တဲ့ အကြောင်းအရင်းတွေနဲ့ယှဉ်ပြီး ပြန်လည်ဆန်းစစ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီတစ်ခေါက်မှာ ဝိတ်ချနေပေမယ့် အကျနှေးလို့ စိတ်ညစ်နေရတဲ့ပျိုမေတို့အတွက် လွယ်လွယ်နဲ့ဝိတ်မကျနိုင်ခြင်းကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ပါဝင်တဲ့ကယ်လိုရီပမာဏကို သေချာမစစ်ဆေးမိတာ


သင့်အနေနဲ့ ကိုယ်စားသောက်တဲ့ပမာဏထက် အစားအသောက်တွေမှာပါဝင်တဲ့ကယ်လိုရီအရေအတွက်ကိုပါ သတိထားပေးဖို့ မမေ့သင့်ပါဘူး။ အချို့သောအစားအစာတွေ များသောအားဖြင့် သရေစာမုန့်တွေမှာ ကယ်လိုရီပါဝင်မှုများတာကြောင့် နည်းနည်းပဲစားမိရင်တောင် သင့်အတွက်ဝိတ်ကျဖို့ခက်စေမှာပါ။ ဒါကြောင့် မစားခင်မှာ ကယ်လိုရီပမာဏပျမ်းမျှကို တတ်နိုင်သလောက်သိအောင်လုပ်ထားသင့်ပါတယ်။

၂။ Vitamin D ဓာတ်လုံလုံလောက်လောက်မရတာ


ခန္ဓာကိုယ်မှာ Vitamin D ဓာတ်မလုံလောက်တဲ့အခါ ကိုယ်တွင်းစွမ်းအင်လျော့နည်းပြီး ကယ်လိုရီလောင်ကျွမ်းမှု နှေးသွားတတ်ပါတယ်။ ဒါကြောင့် Vitamin D ဓာတ်ရရှိစေတဲ့ သဘာဝနေရောင်ခြည်၊ အဆီငါး၊ အနီရောင်အသားတွေနဲ့ ကြက်ဥအနှစ် စတာတွေကို မျှတအောင် မှီဝဲပေးသင့်ပါတယ်။

၃။ Protein ဓာတ်မျှတမှုမရှိတာ


Protein ဓာတ်က ခန္ဓာကိုယ်ကြွက်သားတင်းရင်းစေပြီး အစာခြေစနစ်ကိုဟန်ချက်ညီစေတာကြောင့် ဝိတ်ချတဲ့အခါ အစားလုံးဝရှောင်တာမျိုးမလုပ်ဘဲ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေကိုပါ မျှတအောင် ထည့်သွင်းစားသောက်ပေးဖို့လိုပါတယ်။

၄။ လေ့ကျင့်ခန်းမပါဘဲ Diet တစ်မျိုးပဲပြုလုပ်တာ


သိသိသာသာဝိတ်ကျဖို့အတွက် Diet ၈၀ ရာခိုင်နှုန်းနဲ့ ပုံမှန်လေ့ကျင့်ခန်း ၂၀ ရာခိုင်နှုန်းတို့ ပေါင်းစပ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အစားလျော့ရုံတင်မကဘဲ အပြေးအခုန်နဲ့ ကြွက်သားလေ့ကျင့်ခန်း စတာတွေကို ပုံမှန်ပြုလုပ်ပေးပါ။ အိပ်ရေးဝအောင် အိပ်ဖို့ကိုလည်း မမေ့သင့်ပါဘူး။

၅။ စားသောက်ချိန်နှစ်ခုကြား အချိန်အရမ်းခြားတာ


စားသောက်ချိန်မမှန်တာနဲ့ အစားစားချိန်တွေကြား အချိန်အရမ်းခြားနေတာမျိုးကလည်း သင့်အစာခြေစနစ်ကို ကမောက်ကမ ဖြစ်စေပြီး အဆီပိုတွေစုလာနိုင်ပါတယ်။

Photo Source: Pinterest