လူသားတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ ချစ်ခြင်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးလည်း ရှိနိုင်သလို၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးလည်း ရှိနိုင်ပါတယ်။ အချစ် အမုန်း ဘာမှမပါဘဲ အလုပ်သဘောအရ ဆက်ဆံရတာတွေလည်း ရှိနိုင်ပါတယ်။

သမီးရည်းစား ဆက်ဆံရေးမှာကျတော့ အတိတ်က အကြောင်းကံလို့ပဲခေါ်ရလေမလား၊ ဖူးစာလို့ပဲ ခေါ်ရမလား၊ ဖူးစာပါလာရင်တော့ သံသရာ တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ဆုံရမှာပါ။ ဖူးစာမပါလို့ ရေစက်ကုန်သွားတဲ့အခါမှာလည်း ပြတ်သားစွာ လမ်းခွဲခံရတာတွေလည်း ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။

ရေစက်ကုန်သွားတဲ့အခါမှာလည်း ကိုယ့်ဘက်က အတင်းဖမ်းဆုပ်မထားဘဲ အပြီးတိုင် လက်လွှတ်လိုက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အတင်းဖမ်းဆုပ်ထားတဲ့အခါ နာကျင်ရတာ ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား။ ဒီဆောင်းပါးလေးထဲမှာတော့ ဖူးစာမပါလို့ ရေစက်ကုန်ကာ လမ်းခွဲရတဲ့အခါ ကိုယ့်ဘက်က ဘယ်လို ပြတ်သားတတ်ရမလဲဆိုတာ လမ်းညွှန်ပေးချင်ပါတယ်။

အချိန်အတိုင်းအတာ တစ်ခုအထိသာ အသည်းကွဲပါ

စိတ်သဘောထား မတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် မချစ်တော့လို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့အခါမှာ အချိန်အတိုင်းအတာ တစ်ခုအထိသာ အသည်းကွဲရပါမယ်။ နှစ်ရှည် လများကြာအောင် အသည်းကွဲမယ်ဆိုရင် သင်ပဲ ကြေကွဲရမှာပါ။

သူလည်း ဘဝသစ်မှာ ပျော်နေပြီမို့လို့ သင်ကိုယ်တိုင်လည်း သူ မပါတဲ့ဘဝမှာ ပျော်ပျော်နေနိုင်အောင် ကြိုးစားရပါမယ်။ သူနဲ့ မတွေ့ခင်တုန်းက ကိုယ်က ဘယ်လိုပုံစံရှိသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်အမှတ်ရကြည့်လိုက်ပါ။ သူနဲ့ မတွေ့ခင်တုန်းကလည်း ပျော်ပျော်ပါးပါး နေခဲ့တာပဲ မဟုတ်လား။ ထိုပုံစံအတိုင်း ပြန်ရှင်သန်ရမှာပဲ ဖြစ်ပါတယ်။

အခြားသော ပျော်ရွှင်မှုကို ရှာဖွေပါ

ကိုယ့်ရဲ့ ဝါသနာက ဘာဖြစ်မလဲ။ စိတ်ညစ်နေတဲ့အချိန်ဆို ဘာလုပ်ရတာကို ကြိုက်ပါသလဲ။ ကိုယ် ဝါသနာပါတဲ့အရာ၊ ကိုယ် နှစ်သက်တဲ့အရာတွေအတွက် အချိန်ပေးပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ အခြားလူတစ်ယောက်အပေါ်မှာ မှီတည်နေတာမျိုး မဖြစ်ရဘဲ ကိုယ့်ကိုယ်ကိုယ်မှာသာ မှီတည်နေရမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချစ်ပါ

ကိုယ့်ကိုယ်ကိုယ်ချစ်မှ ကိုယ့်ကိုလည်း သူများက ချစ်မှာပါ။ ရည်းစားနဲ့ လမ်းခွဲလိုက်ရလို့ သူ့ကို အရွဲ့တိုက်တာမျိုး၊ ကိုယ်စိတ်ထင်ရာတွေ လျှောက်လုပ်ပစ်တာမျိုးတွေ (လုံးဝ) မပြုလုပ်သင့်ပါဘူး။ ရည်းစားဟောင်းကများ စိတ်ပြန်လည်လာမလားဆိုပြီး ပေါက်ကရတွေလည်း လျှောက်မလုပ်လိုက်ပါနဲ့။

ပစ်ထားတဲ့သူက ပစ်ထားခဲ့ပါပြီ။ သူ မရှိလည်း ကိုယ့်ဘက်က တစ်ယောက်တည်း အဆင်ပြေကြောင်း၊ အရင်ကထက်ပင် ပိုမိုကြည့်ကောင်းလာပြီး ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေတယ်ဆိုတာကို ပြသဖို့လိုအပ်ပါတယ်။

အားကစားလေး ဘာလေး လိုက်စားပါ။ ခန္ဓာကိုယ်ကို ကြည့်ကောင်းအောင် ပြုလုပ်ပါ။ ရုပ်ရှင်ကြည့်ချိန်တန် ကြည့်ပါ။ အလုပ်လုပ်ချိန်တန် အလုပ်လုပ်ပါ။ ဒါဆိုရင် သူ့အကြောင်းတွေ စဥ်းစားဖို့ အချိန်ရမှာမဟုတ်တော့ပါဘူး။

ကိုယ့်ရည်းစားဟောင်းကို သတိရသွားစေမယ့်ကိစ္စမျိုးကို ရှောင်ကြဥ်ပါ

သူနဲ့အတူတူ မုန့်သွားစားတဲ့ဆိုင်လေး၊ အတူတူ ထိုင်ဖြစ်ခဲ့တဲ့ ကော်ဖီဆိုင်များ၊ အတူတူ သွားခဲ့တဲ့နေရာများကို ယောင်လို့တောင် မသွားမိပါစေနဲ့။ သွားမိလို့ စိတ်မခိုင်ဘဲ မျက်ရည်ဖြိုင်ဖြိုင်ကျလာရင်တော့ တာဝန်မယူဘူးနော်။ ရည်းစားဟောင်းနဲ့ မပတ်သက်မိအောင် နေပါ။

အချိန်အတိုင်းအတာတစ်ခုအထိ အချိန်ယူပါ။ ကိုယ့်စိတ်ကိုယ်ပြန် Healing လုပ်ပါ။ စိတ်က တဖြည်းဖြည်း အနည်ထိုင်လာပြီး ရင့်ကျက်လာတဲ့ တစ်ချိန်ချိန်မှာ ဖူးစာမှန်တဲ့သူနဲ့ ပေါင်းဖက်ရမှာပဲဖြစ်ပါတယ်။

အခြားသော အရာတွေအပေါ် အာရုံလွှဲပါ

ကိုယ့်ရဲ့အာရုံကို သူ တစ်ယောက်တည်းအပေါ်မှာ အာရုံစိုက်မနေဘဲ အခြားအရာအပေါ် အာရုံလွှဲပြောင်းပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အနားမပေးဘဲ အလုပ်တွေများနေအောင် ပြုလုပ်ပါ။ ဒါမှ သူ့အကြောင်း တွေးမယ့်အချိန်တွေ မရှိတော့မှာပါ။