စာလုပ်တာက တစ်နေကုန်ထိုင်လုပ်နေပြီး စိတ်ပင်ပန်း၊ လူပင်ပန်းပြီး စာမရတာမျိုးလည်း ရှိပါတယ်။ စာလုပ်ပုံလုပ်နည်းသာမှန်ရင် Stress လည်းသိပ်မရှိပဲ ခဏလေးပဲလုပ်ပြီး စာရသွားမှာပါ။ ဒါကြောင့် စိတ်ဖိစီးမှုနည်းစွာနဲ့ စာသေချာလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Schedule ဆွဲပါ

စာလုပ်မယ်ဆိုရင် Schedule ဆွဲပါ။ ဒါမှ စနစ်တကျနဲ့ စုံစုံလင်လင် သေချာလုပ်ဖြစ်မှာပါ။ စာတွေကိုလည်းခွဲပြီးဆွဲရပါမယ်။ အချိန်ကိုလည်း Schedule ဆွဲရပါမယ်။ ပြီးရင်တော့ Schedule ဆွဲထားတဲ့အတိုင်း သေချာလုပ်ပေးပါ။

နားချိန်ထားပါ

စာကိုတောက်လျှောက်အကြာကြီးထိုင်လုပ်နေရင် လူပင်ပန်းသလို ခေါင်းလည်းပူထူပြီး စာသေချာမမှတ်နိုင်တော့တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် Schedule ဆွဲထဲက ၁ နာရီလုပ် ၁၅ မိနစ်နားချိန် ထည့်ထားတာမျိုး၊ ဒါမှမဟုတ် ၂ နာရီဆက်တိုက်လုပ်ပြီး ၁ နာရီနားတာမျိုး ထည့်ဆွဲထားပါ။ နားချိန်ကို နည်းနည်းလေးမထားပဲ အပြည့်အဝအနားယူပါ။ ဒါမှလည်း ဦးနှောက်ကို သေချာအနားပေးနိုင်မှာဖြစ်သလို စိတ်ဖိစီးမှုလည်း နည်းမှာပါ။

စာလုပ်ရမယ့်အချိန်မှာသေချာအာရုံစိုက်ပါ

စာလုပ်ရမယ့်အချိန်က ၂ နာရီဆိုရင် အဲ့ ၂ နာရီအတွင်းမှာ တခြားဘာမှမလုပ်ပဲ စာပဲသေချာအာရုံစိုက်ပြီး လုပ်ပါ။ စကားသွားပြောတာလည်း မလုပ်ပါနဲ့၊ ဖုန်းသုံးတာလည်း မလုပ်ပါနဲ့။ ဖုန်းကို အဝေးမှာသာထားပါ။ နားတဲ့အချိန်ကျမှသာ အေးဆေးအနားယူပြီး ကိုယ်လုပ်ချင်တာလုပ်ပါ။ ဒါဆိုရင် စာသေချာလုပ်နိုင်ပါလိမ့်မယ်။

တစ်နေ့စာတစ်နေ့ပုံမှန်လုပ်ပါ

တစ်နေ့စာတစ်နေ့ပုံမှန်မလုပ်ရင် စာကြွေးတွေပုံပြီး စိတ်ဖိစီးလာပါလိမ့်မယ်။ စာလုပ်စရာတွေ အများကြီးကျန်သေးတယ်ဆိုပြီး စိတ်ဖိစီးနေရမှာဖြစ်သလို စာတွေလည်းပြုံပြီးလုပ်ရတော့ ပိုပင်ပန်းပါတယ်။ ဒါကြောင့် တစ်နေ့စာတစ်နေ့ ပုံမှန်လေးလုပ်သွားပေးပါ။ ဒါဆိုရင် စာလည်းရသလို စိတ်ဖိစီးမှုလည်း သိပ်မရှိတော့ပါဘူး။

တစ်ပတ်စာ စာပြန်နွှေးပါ

တစ်ပတ်စာ စာပြန်နွှေးတဲ့အကျင့်လည်း လုပ်ပေးပါ။ ဒါမှ ကျက်ပြီးသား၊ ရပြီးသားစာတွေကို မေ့မသွားပဲ အမြဲအမှတ်ရနေမှာပါ။ ဒီလိုလုပ်ပေးခြင်းက စာလည်းရသလို စိတ်ဖိစီးလည်း နည်းစေပါတယ်။

စိတ်အနှောင့်အယှက်မဖြစ်စေမယ့်နေရာ

အရေးကြီးတဲ့အရာ နောက်တစ်ခုကတော့ စာလုပ်မယ့်နေရာက စိတ်အနှောင့်အယှက်မဖြစ်ဖို့ပါပဲ။ ဆူညံနေတာမျိုးဆို စိတ်အနှောင့်အယှက်ဖြစ်ပြီး စာလည်း သေချာအာရုံမစိုက်နိုင်ပါဘူး။ ဒါကြောင့် စာလုပ်မယ့်နေရာကိုလည်း သေချာရွေးချယ်ပါ။