ကိုယ့်အပေါ်မှာ ဖောက်ပြန်ပြီး ထားခဲ့သူအတွက် ဝမ်းနည်းပူဆွေးပြီး လွမ်းနေမယ့်အစား၊ လက်မလွှတ်နိုင်ဖြစ်နေမယ့်အစား ရအောင်ကြိုးစားမေ့ပစ်လိုက်ပါ။ သူဖောက်ပြန်သလို ကိုယ်ပြန်လုပ်မယ်ဆိုတဲ့ အတွေးတွေရှိနေရင် ခေါင်းထဲကထုတ်ပစ်လိုက်ပါ။ သူ့ကိုရွဲ့ပြချင်လို့ နောက်တစ်ယောက်ကို ချက်ချင်းကောက်တွဲတာမျိုးတွေလည်း မလုပ်ပါနဲ့။ သူတို့ကို လက်စားချေပြီးသားဖြစ်မယ့်အရာ၊ ကိုယ့်အတွက်လည်း အကျိုးရှိစေမယ့် အရာတွေကိုပဲလုပ်ပါ။

နင်မရှိလည်းဘာမှဖြစ်မသွားဘူးဆိုတဲ့ပုံစံနဲ့နေပါ

ကိုယ့်ကို ဒီတိုင်းထားသွားတာတောင်မဟုတ်ဘူး။ ဖောက်ပြန်ပြီးတော့ကို ထားသွားတာဆိုရင် နာကျည်းတတ်ရပါမယ်။ သွားလွမ်းပြနေရင် နှစ်ခါရှုံးပါတယ်။ ဒါကြောင့် နင်မရှိလည်း ငါ့အတွက် ဘာမှမဖြစ်သွားဘူး၊ အေးဆေးပဲဆိုတဲ့ ပုံစံမျိုးနဲ့သာနေပြပါ။ တကယ်လည်းနေနိုင်အောင် ကြိုးစားပါ။

ပျော်ရွှင်နေတဲ့ပုံစံနဲ့နေပါ

ဖောက်ပြန်ပြီးထားခဲ့တဲ့သူကြောင့် ဝမ်းနည်းမနေပါနဲ့။ သူမရှိတော့မှ ပိုပြီး စိတ်ချမ်းသာလာရတယ်၊ ပျော်ရွှင်လာရတယ်ဆိုတဲ့ ပုံစံနဲ့သာနေပြပါ။ အရမ်းချစ်ခဲ့တာဆိုရင်တော့ ဒီလိုနေနိုင်ဖို့က နည်းနည်းခက်ခဲမှာပါ။ ဒါပေမယ့်လည်း ကြိုးစားပြီးနေကြည့်ပါ။ အချိန်ကကုစားသွားပါလိမ့်မယ်။ ကိုယ်ပျော်ရွှင်ရမယ့်အရာတွေကို ရွေးပြီးလုပ်ကြည့်ပါ။

လှအောင်နေပါ

သူထားသွားပြီးမှ ပိုတောင်လှလာတယ်ဆိုတဲ့ ပုံစံမျိုးနဲ့နေပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ပြီး အရင်ထက်လှအောင်နေပါ။ သူထားသွားလို့ ဝမ်းနည်းပူဆွေးပြီး မပြင်နိုင်မဆင်နိုင်မဖြစ်ပါနဲ့။ စိတ်ပြေလက်ပျောက်ဖြစ်အောင် gym ပါဆော့ကြည့်ပါ။

ပိုတိုးတက်အောင်မြင်လာအောင်ကြိုးစားပါ

အရင်ထက်ပိုပြီး အစစအရာရာ ပိုတိုးတက်အောင်မြင်လာအောင် ကြိုးစားပြလိုက်ပါ။ ဒီလိုလုပ်လို့ ကိုယ့်အတွက်အများကြီး အကျိုးရှိစေသလို သူမရှိမှ အရာရာအဆင်ပြေသွားတယ်၊ အောင်မြင်လာတဲ့ဆိုတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။

သူ့ထက်သာတဲ့သူကိုရွေးချယ်ပါ

အကောင်းဆုံးလက်စားချေခြင်းကတော့ သူ့ကိုအရွဲ့တိုက်ချင်ပြီး တွေ့ရာလူကောက်တွဲပြထာထက် ကိုယ့်အပေါ် တကယ်ချစ်မြတ်နိုးပြီး သူ့ထက် အစစအရာရာ သာလွန်နေတဲ့သူမျိုးကိုသာ ရွေးချယ်ပြီးတွဲလိုက်ပါ။