အရမ်းဒေါသထွက်လာရင် တော်တော်များများက ဘာမှမမြင်တော့ပဲ စိတ်ထဲရှိတဲ့အတိုင်း မစဉ်းစားပဲ လုပ်တတ်ကြပါတယ်။ ပြောချင်တာတွေပြော၊ လုပ်ချင်တာတွေလုပ်ပြီး အမှားတွေဖြစ်ကြတာပါပဲ။ နောက်သွေးအေးသွားတဲ့အခါကျမှ ပြန်ပြီးနောင်တရကြတာပေါ့။ ဒါကြောင့် ဒီလိုမဖြစ်ရအောင် ဒေါသထွက်နေတဲ့အချိန်မှာ အမှားနည်းစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

စကားမပြောပါနဲ့

ဒေါသထွက်နေချိန်မှာ စကားပြောရင် အမှားအများဆုံးဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်မကြည်တဲ့အတွက် ဘယ်သူဘာပြောပြော စိတ်မရှည်ပဲ အော်မိတာ၊ စိတ်ထဲရှိတဲ့အတိုင်းတွေ ဒေါသမထိန်းနိုင်ပဲ ပြောချင်တာတွေ ပြောလိုက်မိမှာပါ။ ဒေါသထွက်နေတဲ့သူနဲ့ ဖြေရှင်းပြီး အချေအတင်တွေပြောနေရင်လည်း အမှားတွေအများကြီး ပါသွားနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်နေချိန် စကားမပြောတာ အမှားအနည်းဆုံးပါပဲ။

တစ်ယောက်ထဲနေလိုက်ပါ

လူတွေအများကြီးနဲ့နေရင် စိတ်ရှုပ်ပြီး ပိုဒေါသထွက်လာမှာပါ။ အရမ်းစိတ်ကြီးတဲ့သူတွေဆို အာရုံနောက်လာပြီး ထအော်မိတာ၊ ဝုန်းဒိုင်းကြဲမိတာတွေ လုပ်တတ်ပါတယ်။ ဒါကြောင့် အမှားနည်းအောင် အကောင်းဆုံးကတော့ တစ်ယောက်ထဲနေပြီး ဒေါသတွေကို လျှော့ချလိုက်ပါ။ တစ်ယောက်ထဲ လမ်းလျှောက်တာ၊ လေကောင်းလေသန့်ရှူတာ၊ အနားယူတာမျိုး လုပ်ပေးပါ။

သီချင်းနားထောင်ပါ

အရမ်းဒေါသထွက်လာရင် မျက်စိမှိတ်၊ နားကြပ်တပ်ပြီး သီချင်းနားထောင်လိုက်ပါ။ စိတ်တည်ငြိမ်ဖို့ သီချင်းအေးအေးလေးတွေ၊ ကြည်နူးစရာကောင်းတဲ့ သီချင်းလေးတွေကို နားထောင်ပေးပါ။ စိတ်ပျော်ရွှင်လာချင်ရင်တော့ ခပ်မြူးမြူးသီချင်းတွေ နားထောင်ပါ။ ဒေါသတွေကို လျှော့ချလိုက်နိုင်ရင် ဒေါသကြောင့်ဖြစ်လာတဲ့ အမှားတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။

တရားထိုင်ပါ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

ဒေါသထွက်နေချိန်မှာ ဘယ်သူနဲ့မှစကားမပြောပဲ တရားထိုင်လိုက်ရင် ဒေါသတွေလျော့ကျသွားလို့ အမှားတွေလည်း ဖြစ်တော့မှာမဟုတ်ပါဘူး။ ကိုယ်က တရားထိုင်ဖို့မဖြစ်နိုင်တဲ့ အခြေအနေဆိုရင် မျက်စိမှိတ်ပြီး ၅ မိနစ်၊ ၁၀ မိနစ်လောက် အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။

ပြေးပါ၊ ရေကူးပါ

တချို့ကျတော့ ဒေါသထွက်နေချိန်မှာ ပြေးတာ၊ ရေကူးတာတွေ လုပ်လိုက်ရင် ဒေါသတွေလျော့ကျပြီး စိတ်ပေါ့ပါးသွားစေပါတယ်။ အဓိကကတော့ ဒေါသတွေကိုသာ အရင်လျှော့ချနိုင်ရင် အမှားတွေလည်း သိပ်ပြီးလုပ်မိတော့မှာ မဟုတ်ပါဘူး။