စိတ်ကလိုချင်တယ်ဆိုရင် ဝယ်လိုက်တာက ကိုယ်မလိုအပ်တာတွေ ဖြစ်နေတတ်ပါတယ်။ မလိုတာတွေဝယ်မိတော့ ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါတယ်။ ပိုက်ဆံလည်း မစုဖြစ်တော့ပါဘူး။ ဒါကြောင့် မလိုတာတွေ ခဏခဏဝယ်နေမိတဲ့အကျင့်ကို ထိန်းချုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

စာရင်းချမှတ်ပါ

ကိုယ်သုံးသမျှ၊ ဝယ်သမျှတွေကို သေးသေးလေးကအစ မှတ်စုစာအုပ်နဲ့ စာရင်းသေချာချရေးပြီး မှတ်ထားပါ။ ဒါမှ ကိုယ်ဘာသုံးလို့ ကုန်သွားတာလဲ၊ မလိုအပ်တာတွေ ဝယ်မိတာရှိလား၊ ဘာတွေမဝယ်မိ၊ မသုံးအောင် ဆင်ခြင်လို့ရမလဲဆိုတာကို မြင်သွားမှာပါ။

အပြင်သွားရင်လိုသလောက်ပဲယူသွားပါ

အပြင်သွားမယ်ဆိုရင် ရှိသမျှပိုက်ဆံ အကုန်ထည့်သွားတာမျိုး၊ အများကြီးထည့်သွားတာမျိုး မလုပ်ပါနဲ့။ မြင်သမျှ၊ လိုချင်သမျှကို ဝယ်မိနေပါလိမ့်မယ်။ ပိုက်ဆံတွေအများကြီးထည့်ပြီး လျှောက်သွားတာက အန္တရာယ်လည်း များပါတယ်။ ဒါကြောင့် အပြင်သွားရင် လိုသလောက်ပဲယူသွားပါ။ ပါသလောက်ပဲသုံးပါ။ ချေးငှားပြီးလည်း လုံးဝမသုံးပါနဲ့။

ပိုက်ဆံစုပါ

ပိုက်ဆံစုဖြစ်အောင်စုပါ။ ပြန်ထုတ်ဖို့မလွယ်တဲ့နေရာမှာ ထည့်စုပါ။ ပိုက်ဆံစုဖြစ်မှလည်း မလိုတာတွေ မဝယ်မိအောင် ဆင်ခြင်လို့ရမှာပါ။ ကိုယ်သုံးချင်တာသုံးပြီး ပိုမှစုတာမျိုးလည်း မလုပ်ပါနဲ့။ စုမယ့် amount ကို သတ်မှတ်ပြီးစုပါ။

Online Shopping တွေကို Unfollow လုပ်ထားပါ

အပြင်မှာမဝယ်လည်း online မှာမြင်သမျှကို မှာမိနေမှာပါ။ ဒါကြောင့် online shopping တွေကို unfollow လုပ်ထားလိုက်တာ အကောင်းဆုံးပါပဲ။

မဝယ်ခင်မှာသေချာစဉ်းစားပါ

တစ်ခုခုဝယ်တော့မယ်ဆိုရင် ချက်ချင်းမှာဝယ်ချလိုက်တာမျိုးမလုပ်ပဲ စဉ်းစားပါ။ သေချာစဉ်းစားရင်းနဲ့ မဝယ်မိတော့တာလည်း ရှိလာပါလိမ့်မယ်။ ကိုယ့်အတွက် တကယ်လိုအပ်လို့လားဆိုတာလည်း အမြဲစဉ်းစားပြီး ဆင်ခြင်ကြည့်ပါ။ မလိုတာတွေဝယ်နေမိတာက ဖြေးဖြေးချင်းစီ လျော့ကျသွားပါလိမ့်မယ်။