စာလုပ်တာနဲ့ မကြာဘူး အိပ်ချင်လာတာမျိုး၊ စိတ်မပါတော့တာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်လာလို့ ဖုန်းလေးကောက်ကိုင်ပြီး ဖုန်းပွတ်လိုက်တာနဲ့ ၁၅ မိနစ်လောက်က မျောသွားတာပါပဲ။ စာမလုပ်ဖြစ်တော့ပါဘူး။ ဒါကြောင့် စာလုပ်တဲ့အခါမှာလည်း စိတ်ပါအောင် စာလုပ်တာနဲ့ အိပ်ချင်လာတယ်ဆိုတဲ့ သူတွေအနေနဲ့ လုပ်ကြည့်သင့်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အလင်းရောင်ကောင်းတဲ့နေရာမှာစာလုပ်ပါ

စာလုပ်တဲ့အခါမှာ အလင်းရောင်ကောင်းကောင်းမရပဲ မှောင်နေရင် ပျင်းပြီး အိပ်ချင်လာပါလိမ့်မယ်။ တက်ကြွမှုလည်း မရှိပါဘူး။ ထိုင်းမှိုင်းနေမှာပါ။ ဒါကြောင့် ဘယ်အချိန်မှာပဲလုပ်လုပ် အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာပဲ စာလုပ်ပါ။

အိပ်ယာထဲမှာစာမလုပ်ပါနဲ့

စာကြည့်စားပွဲမှာ သေချာကျကျနနထိုင်ပြီး စာလုပ်ပါ။ ကြမ်းပြင်မှာလုပ်ရင် ပျင်းလာတဲ့အခါ လှဲမိသွားပါလိမ့်မယ်။ အိပ်ယာပေါ်မှာလုပ်ရင်တော့ အဆိုးဆုံးပါပဲ။ စာလုပ်ရတာ ထိရောက်မှုမရှိပါဘူး။ ညောင်းလာလို့လှဲလိုက်၊ ပျင်းလာလို့လှဲလိုက်နဲ့ အိပ်ချင်လာရင်လည်း အလွယ်တကူ အိပ်ပျော်သွားပါလိမ့်မယ်။

ဖုန်းကိုအဝေးမှာထားပါ

စာလုပ်နေတဲ့အချိန် ဘေးမှာဖုန်းရှိနေရင် ဖုန်းကိုင်မိမယ်၊ သုံးမိမယ်၊ ပြီးရင် ပျင်းပြီး အိပ်ချင်လာပါမယ်။ ဒါကြောင့် စာလုပ်ရင် ဖုန်းကို အဝေးမှာသာထားပါ။

အသံတိတ်စိတ်ထဲကမကျက်ပါနဲ့

စာလုပ်တဲ့အခါ အော်မကျက်ပဲ အသံတိတ် စိတ်ထဲကကျက်နေရင် ခဏလေးနဲ့ အိပ်ချင်လာပါတယ်။ ဒါကြောင့် ပါးစပ်ကထွက်ကျက်ပါ၊ အော်ကျက်ပါ။ ခက်တဲ့စာတွေဆိုရင် list ထုတ်ပြီး ကျက်မှတ်ပါ။ ခက်တာကို အတင်းကြီးဇွတ်ကျက်နေရင် စိတ်မပါတော့ပဲ အိပ်ချင်လာမှာပါ။ ဒါကြောင့် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းလေးတွေသုံးပြီးလည်း ကျက်ကြည့်ပါ။

အစားအသောက်

စာမလုပ်ခင်မှာ အဆီအစိမ့်တွေစားတာ၊ အသားတွေအများကြီး၊ snacks တွေ အများကြီး စားတာမျိုးကို ရှောင်သင့်ပါတယ်။ ဒီအစားအစောတွေက ခဏလေးနဲ့ အိပ်ချင်လာစေပါတယ်။

စာလုပ်မယ့်အချိန်မှာ active ဖြစ်စေမယ့် အချိုရည်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အချဉ် စတာတွေကို စားပေးရမှာပါ။

သွေးပူလေ့ကျင့်ခန်းလုပ်ပါ

စာလုပ်နေရင်းနဲ့ သိပ်ပြီးစိတ်မပါတော့ဘူး၊ နည်းနည်းငိုက်လာပြီဆိုရင် စာလုပ်တာခဏရပ်ပြီး သွေးပူလေ့ကျင့်ခန်း ထလုပ်ပါ။ အကြောဆန့်ပြီး မြူးတဲ့သီချင်းတွေလည်း ခဏနားထောင်လိုက်ပါ။ ဒီလိုနဲ့ မျက်စိကျယ်သွားပြီး ပြန်လည်လန်းဆန်းလာပြီဆိုရင် စာပြန်လုပ်ပါ။