လုပ်ငန်းခွင်ကလူတွေနဲ့ အဆင်မပြေတာမျိုး၊ မတည့်တာမျိုးဖြစ်ရင် အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ သင့်မြတ်အောင် မနေတတ်ရင်လည်း အရာရာအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် လုပ်ငန်းခွင်ကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ သင့်မြတ်အောင် ဘယ်လိုတွေနေသင့်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

စကားမရှုပ်ပါနဲ့

ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးတွေမှာ စကားရှုပ်တာက အဆိုးဆုံးပါပဲ။ ကြားထဲကနေ ဟိုစကားဒီပို့၊ ဒီစကားဟိုပို့လုပ်တာမျိုးတွေ၊ စကားရှုပ်တာမျိုးတွေ ကြောင့် တစ်ချိန်မဟုတ် တစ်ချိန် ပြဿနာတွေ ဖြစ်လာတာ၊ ရန်ဖြစ်စကားများရတာမျိုးတွေ ဖြစ်လာတာနဲ့ ကြုံရပါလိမ့်မယ်။ သူများလည်း အမြင်ကပ်ပါတယ်။

ကိုယ့်ကိစ္စမဟုတ်ရင်ဝင်မပါပါနဲ့

ကိုယ့်ကိစ္စမဟုတ်ပဲဝင်ပါလို့ မဖြစ်သင့်တာတွေဖြစ်ပြီး စကားတွေများရန်ဖြစ်ရတာ၊ ပြဿနာတွေတက်ကုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူမုန်းလည်း ခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိစ္စမဟုတ်ရင်၊ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါပဲနေလိုက်တာက အကောင်းဆုံးပါပဲ။

အထက်စီးကနေပြောဆိုဆက်ဆံတာမျိုးမလုပ်ပါနဲ့

လူတိုင်းကို အထက်စီးကနေ ပြောဆိုဆက်ဆံရင် ဘယ်သူနဲ့မှ အဆင်ပြေမှာမဟုတ်ပါဘူး။ ဘယ်သူ့မှလည်း ကိုယ်နဲ့ပတ်သက်ချင်မှာ မဟုတ်ပါဘူး။ အကူအညီလိုရင်တောင် သူများပေးချင်မှာ မဟုတ်ပါဘူး။ ရှေ့မှာအလိုက်အထိုက် နေပေးကြရင်တောင်မှ နောက်ကွယ်မှာ အတင်းပြောခံရပါလိမ့်မယ်။

အကူအညီပေးနိုင်တာကိုပေးပါ

ကိုယ့်အလှည့်တုန်းကကျ သူများအကူအညီတွေယူထားပြီး သူများအကူအညီလိုတော့ ပြန်မပေးပဲ လက်ရှောင်နေတာမျိုးတွေ မလုပ်ပါနဲ့။ နောက်ကိုယ်လိုတဲ့အခါ ဘယ်သူ့မှ ကိုယ့်အနားရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကူညီပေးနိုင်တာဆိုရင် ကူညီပေးလိုက်ပါ။

သည်းခံပါ

သည်းခံတတ်ရင်တော့ လူတိုင်းနဲ့ အဆင်ပြေပါတယ်။ နည်းနည်းလေးမှ စပ်စပ်ထိမခံဖြစ်ပြီး ပြန်ပြောတာမျိုး၊ ဘာမှမစဉ်းစားပဲ လုပ်လိုက်တာမျိုးတွေကျတော့ လူအမြင်ကပ်ခံရပါတယ်၊ ရန်လည်းများပါတယ်။ ဒါပေမယ့် ကိုယ်သည်းခံနိုင်သလောက် သည်းခံပြီး စိတ်ထဲမထားပါနဲ့။ စိတ်ထဲထားရင် ကိုယ်ပဲပင်ပန်းရပါတယ်။