သံလွင်ဆီကအလှအပအတွက်ဆိုရင် အဖက်ဖက်ကနေ ကောင်းကျိုးတွေပြုနေတယ်ဆိုတာတော့ လူတိုင်းသိပြီးဖြစ်ပါတယ်။ သံလွင်ဆီက ဆံသားအတွက်လည်း ကောင်းကျိုးတွေရှိတယ်ဆိုတော့ ပိုပြီးကောင်းကျိုးတွေများအောင် တစ်ခြားအရာတွေနဲ့ပေါင်းစပ်ပြီး ဆံသားကိုပြင်ဆင်မယ်ဆိုရင် အကျိုးပိုထူးတာပေါ့။ ဘယ်လိုအရာတွေနဲ့ ရောစပ်ပြီးပျက်စီးနေတဲ့ ဆံသားတွေကို ပြန်ပြုပြင်ပေးနိုင်မလဲဆိုတာကို ပျိုမေတို့သိစေဖို့ ပြောပြပေးမယ်နော်။

ထောပတ်သီးကိုသံလွင်ဆီနဲ့ ရောပြီးဆံသားတွေကို ပေါင်းတင်ပေးမယ်ဆိုရင် ဆံသားတွေကိုနူးညံ့ပြီး ရေဓာတ်ပြန်လည်ပြည့်ဝစေတာကြောင့်လည်း ခြောက်သွေ့မှုတွေကိုလျော့နည်းစေမှာပဲဖြစ်ပါတယ်။ ထောပတ်သီးအနှစ်ကို သံလွင်ဆီစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီးအနှစ်တွေဖြစ်အောင်ထိ မွှေပေးလိုက်ပါ။

ဆံသားတွေမှာ နှံ့စပ်အောင်လိမ်းပေးပြီး Shower Cap နဲ့ ၄၅ မိနစ် အချိန်ရရင် ၁ နာရီလောက်ထားပေးလို့လည်းရပါတယ်။ အချိန်ပြည့်သွားပြီဆိုရင်တော့ ရေအေးလေးနဲ့ပဲ ပုံမှန်တိုင်းခေါင်းလျှော်ပေးလိုက်ပေါ့။ တစ်ပတ်တစ်ကြိမ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် တစ်လလောက်မှာ သိသာတဲ့ရလဒ်ကို ရရှိမှာပဲဖြစ်ပါတယ်။

အုန်းဆီကလည်း ဆံသားအတွက်ကောင်းကျိုးတွေ အများကြီးပဲရှိစေတဲ့အရာတစ်ခုပါပဲနော်။ အအေးခံထားတဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သံလွင်ဆီလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သေချာရောမွှေပြီး ဆံသားတွေမှာနှံ့စပ်အောင်လိမ်းပေးရမှာပဲဖြစ်ပါတယ်။ ဆံသားတွေမှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ဦးရေပြားတွေကို နှိပ်နယ်ပေးတာမျိုးလုပ်ပြီး ရေနွေးစိမ်ထားတဲ့တဘက်နဲ့ ဆံသားတွေကို ပတ်ထားပေးလိုက်ပါ။

ဒါမှ ဆံသားအတွင်းပိုင်းထဲထိ အာနိသင်ရောက်မှာဖြစ်ပါတယ်။ မိနစ် ၃၀ လောက်အုပ်ထားပြီးရင် ပုံမှန်တိုင်းပဲခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကလည်း တစ်ပတ်ကိုနှစ်ကြိမ်လောက်ပြုလုပ်ပေးရင် ရပါပြီနော်။

အခုနည်းလမ်းလေးကတော့ လွယ်ကူလွန်းလို့ လူတိုင်းလိုက်လုပ်ဖို့ အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ ပျားရည်ကို သံလွင်ဆီနဲ့ရောပြီး ဆံသားတွေမှာနှံ့စပ်အောင် သုတ်လိမ်းပေးထားရမှာပဲဖြစ်ပါတယ်။ ခေါင်းလျှော်မယ့် အချိန်တိုင်းမှာလုပ်ပေးလို့ရပြီး မိနစ် ၃၀ လောက်ပဲထားပြီး ခေါင်းလျှော်ရမှာဆိုတော့ သိပ်လည်းအချိန်ပေးစရာမလိုတော့ဘူးပေါ့။ ခေါင်းလျှော်မယ့်နေ့တိုင်းမှာ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ တစ်လလောက်ဆိုရင်တော့ သိသာတဲ့ရလဒ်မျိုးကိုရရှိမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေဖြစ်ပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ လှပတဲ့ဆံသားလေးတွေကို ရရှိပြီး အမြဲတမ်းလှပနေနိုင်တော့မှာပေါ့။

Photo Source: Pinterest