မနက်ပိုင်းတွေမှာစောစောထဖို့ ခက်ခဲနေတဲ့ပြဿနာတွေကို လူငယ်တော်တော်များများ ကြုံတွေ့နေရပါတယ်။ တခါတလေမှာ အရမ်းပင်ပန်းလွန်းပြီး အိပ်ပျော်သွားတာကြောင့် မနက်ပိုင်းတွေမှာ အချိန်မှီမပြင်ဆင်နိုင်ပဲ နောက်ကျတဲ့အခြေအနေတွေကို ရောက်ကြတော့တာပေါ့။ ဒါကြောင့် မတော်တဆများ အိပ်ယာထနောက်ကျတဲ့နေ့ရက်မျိုးကို ရောက်ခဲ့သည်ရှိသော်ဆိုတဲ့စိတ်နဲ့ ကြိုတင်ပြင်ဆင်ထားဖို့လိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိတ်ကပ်ပြင်ဆင်မှု

မိန်းကလေးတွေအတွက် အချိန်အကြာဆုံးယူရတဲ့အချိန်ပေါ့။ နောက်ကျနေပြီလို့ထင်တယ်ဆိုရင်တော့ အရင်လိုမျိုး မိတ်ကပ်ကိုအပြည့်လိမ်းခြယ်ပြီး ကျော့မော့နေအောင်လုပ်တာမျိုးထက် လိုအပ်တာလောက်လေးတွေကိုပဲ ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန်ဆန်ပြင်ဆင်တတ်ဖို့ လိုပါတယ်။

အဝတ်အစားအတွက်

အရင်ထဲက နောက်ကျတတ်တဲ့သူတစ်ယောက်ဖြစ်တယ် အဝတ်အစားကိုလည်း ဖြစ်သလိုတွေ့ရာဆွဲပြီး မဝတ်ချင်ဘူးဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုလေးတွေကို လုပ်ထားဖို့လိုပါလိမ့်မယ်။ သပ်သပ်ရပ်ရပ်ကျော့ကျော့မော့မော့လေးပဲ ဝတ်ဆင်ပြီးသွားချင်တယ်ဆိုရင်တော့ ညဘက်တွေမှာထဲက အဝတ်အစားတွေကို ပြင်ဆင်ထားမယ်ဆိုရင် အချိန်နောက်ကျနေရင်တောင် အဆင်ပြေစေမှာပါ။

ဆံပင်ပုံစံအတွက်

ကိုယ်ကဆံပင်ပုံစံကိုလည်း ပြင်ဆင်ပြီးမှ သွားချင်တယ်ဆိုရင်တော့ မြန်ဆန်ပြီးလွယ်ကူစွာလုပ်လို့ရမယ့် ဆံပင်ပြင်ဆင်နည်းတွေကို ကြိုတင်လေ့ကျင့်ထားဖို့လိုအပ်ပါလိမ့်မယ်။ ဆံပင်ကိုဘာမှမလုပ်ပဲ ဒီတိုင်းလေးပဲသွားတဲ့သူတွေအတွက်ကတော့ အဆင်ပြေတာပေါ့။

မနက်စာစားချိန်အတွက်

နောက်ကျနေပြီဆိုရင်တော့ မနက်စာကိုထိုင်ပြီးတော့စားမနေပါနဲ့တော့။ ဒါပေမယ့် တစ်ခုသိထားရမှာက နောက်ကျနေလို့ဆိုပြီး မနက်စာကိုတော့အလွတ်မခံလိုက်နဲ့နော်။ လမ်းသွားရင်းနဲ့ပဲဖြစ်ဖြစ်၊ ကားစီးနေရင်းပဲဖြစ်ဖြစ် နည်းနည်းလောက်တော့ ဗိုက်ထဲဝင်အောင်ထည့်သွားသင့်ပါတယ်။

Photo Source: Pinterest