မင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာ အပြင်ထွက်တိုင်း နေကာမျက်မှန်တပ်ရတာကြိုက်တဲ့သူတွေရှိလား။ နေကာမျက်မှန်တပ်တာက မျက်လုံးတစ်ဝိုက်နေရောင်နဲ့ တိုက်ရိုက်မထိအောင် ကာကွယ်ပေးတဲ့အပြင် ကိုယ်နဲ့လိုက်ဖက်တဲ့မျက်မှန်တွေ ရွေးတပ်ပေးတာက သင့်ကိုရုပ်ပြောင်းပြီး စတိုင်ကျစေမှာပါ။ ဒါ့အပြင် အထာကျတဲ့ ဓာတ်ပုံလေးတွေ ရိုက်ဖို့အတွက်လည်း ကွက်တိပါပဲနော်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ နေကာမျက်မှန်လှလှလေးတပ်ချင်သူတို့အတွက် ကိုယ့်မျက်နှာကျနဲ့လိုက်ဖက်အောင် ရွေးချယ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာဝိုင်းသူတွေ

မျက်နှာဝိုင်းတဲ့သူအများစုက ပုံမှန်ချိန်မှာ မျက်နှာကြီးသလို မြင်ရတတ်တာမို့ မျက်နှာကို တစ်ဝက်လောက် ကာပေးနိုင်တဲ့ မျက်မှန်အကြီးတွေနဲ့ ပိုလိုက်ပါတယ်။ လေးထောင့်ပုံစံ မျက်မှန်အကြီးတွေ တပ်ပေးပါ။ လိပ်ပြာဘောင်လို့ခေါ်တဲ့ မျက်မှန်ဘေးခပ်အချွန်ပါတဲ့ ပုံစံလေးတွေကလည်း သင့်မျက်နှာနဲ့ ကြည့်ကောင်းစေပါလိမ့်မယ်။ မျက်နှာပိုဝိုင်းသွားစေမယ့် ဘောင်အဝိုင်းတွေကိုတော့ ရှောင်ပေးဖို့လိုပါတယ်။

လေးထောင့်ပုံ မျက်နှာ

လေးထောင့်ဆန်တဲ့ မျက်နှာကျရှိသူတွေက နဖူးကျယ်ပြီး မေးရိုးထင်းထင်းရှိကြသူတွေဖြစ်ပါတယ်။ ဒီလိုမျက်နှာကျမျိုးက နေကာမျက်မှန်ဘောင်အဝိုင်းလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့အပြင် အပေါ်ဘောင်အဝိုင်းပြေပြေလေးပါတဲ့ ပုံစံတွေနဲ့လည်း ကြည့်လို့ကောင်းစေမှာပါ။ မျက်နှာဝိုင်းသူတွေနဲ့ပြောင်းပြန် ဘေးဘောင်လေးထောင့်ရှိတဲ့ မျက်မှန်ခပ်ကြီးကြီးတွေက လေးထောင့်မျက်နှာကျနဲ့ သိပ်မလိုက်တဲ့ပုံစံဖြစ်ပါတယ်။

ဘဲဥပုံမျက်နှာ

ဘဲဥပုံမျက်နှာကျရှိသူတွေက မျက်မှန်ကိုင်းတော်တော်များများနဲ့ လိုက်ဖက်တဲ့သူတွေလို့ ပြောလို့ရပါတယ်။ သင့်အနေနဲ့ တစ်မျိုးထူးခြားပြီး အထာကျနေဖို့ Cat Eye ဘောင်ပုံစံ ဒီဇိုင်းဆန်းဆန်း မျက်မှန်လေးတွေ တပ်ကြည့်နိုင်ပါတယ်။

မျက်နှာအောက်ပိုင်းရှည်တဲ့ပုံစံ

ဘဲဥပုံမျက်နှာကျနဲ့ဆင်ပြီး မေးနည်းနည်းပိုချွန်တဲ့ စတုဂံပုံမျက်နှာပေါက်ရှိသူတွေက ပုံမှာပြထားသလို ဘောင်အရောင်ပါတဲ့ မျက်မှန်လေးတွေနဲ့လိုက်ပါတယ်။ အလန်းစား Cat Eye မျက်မှန်အထောင်လေးတွေနဲ့လည်း လိုက်ဖက်စေမှာပါ။ ဒီလိုမျက်နှာကျရှိသူတွေက အရမ်းသေးတဲ့ ခပ်ပါးပါးမျက်မှန်တွေကိုတော့ ရှောင်ဖို့လိုပါတယ်။

အသည်းပုံ မျက်နှာ

အသည်းပုံမျက်နှာပိုင်ရှင်တွေက ဘောင်အဝိုင်းရှိတဲ့မျက်မှန်လေးတွေနဲ့လိုက်ဖက်ပါတယ်။ လိပ်ပြာဘောင်ပုံစံလေးတွေကလည်း သင့်မျက်နှာပေါက်နဲ့ အံဝင်ခွင်ကျဖြစ်စေမှာပါ။

စိန်ပုံစံ မျက်နှာကျ

သင့်မှာ နဖူးကျဉ်းကျဉ်းနဲ့ မေးချွန်ပြီး ပါးရိုးကျယ်တဲ့ စိန်ပုံစံမျက်နှာကျရှိတယ်ဆိုရင်တော့ မျက်မှန်အဝိုင်းလေးတွေဝတ်သင့်သလို နဖူးကျယ်သလိုမြင်ရစေမယ့် Cat Eye မျက်မှန်လေးတွေနဲ့လည်း လိုက်ဖက်စေမှာပါ။ ထောင့်ချွန်တွေပါတဲ့ မျက်မှန်မျိုးကတော့ သင့်ပါးရိုးကို ပိုကြီးပုံပေါ်စေတာမို့ မတပ်သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar