လူကြားထဲရောက်ရင် ဦးရေပြားယားယံခြင်းက နေမထိထိုင်မသာဖြစ်အောင် ဟိုနားယားလိုက် ဒီနားယားလိုက်နဲ့ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အထူးသဖြင့် ပူအိုက်တဲ့ရာသီဆိုရင် ‌ဆံပင်အဆီပြန်လွယ်ပြီး ဦးရေပြားယားယံခြင်းက ပိုဆိုးတတ်ပါတယ်။ လူကြားထဲ သွားလာတဲ့အခါ ခေါင်းယားလို့ တစ်ချိန်လုံးကုတ်ဖဲ့နေမယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေမနေပါဘူးနော်။

ဒါကြောင့် ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ ဆိုင်မှာ ဈေးကြီးပေးလုပ်ရတဲ့ ပေါင်းတင်နည်းတွေ အသုံးပြုမယ့်အစား အခုဖော်ပြပေးမယ့် အိမ်တွင်းပေါင်းတင်နည်းစစ်စစ်တွေကို အသုံးပြုမယ်ဆိုရင် အကုန်အကျလည်း သက်သာ အချိန်ကုန်လည်း သက်သာပြီး ဗောက်ထပြီး ခေါင်းယားယံတာကိုလည်း အမြန်ဆုံးဖယ်ရှားပစ်နိုင်မှာပဲ့ ဖြစ်ပါတယ်။

ကဲ..ဗောက်ကြောင့် ခေါင်းယားယံတဲ့အခါ၊ ဦးရေပြားခြောက်သွေ့လို့ ခေါင်းယားတဲ့အခါ ဒီအိမ်တွင်းပေါင်းတင်နည်းလေးတွေကိုသာ အသုံးပြုပေးလိုက်ပါ။

သံလွင်ဆီ စစ်စစ်

သံလွင်ဆီကို နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပြီးနောက် ဆံကေသာနဲ့ ဦးရေပြားကို သုတ်လိမ်းပေးလိုက်ပါ။ တစ်ညလောက် သိပ်ထားပြီး မနက်ရောက်မှ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဆံကေသာကို ကျန်းမာလှပစေပြီး ဦးရေပြားအစိုဓာတ်ကိုလည်း ထိန်းချုပ်ပေးထားနိုင်ပါတယ်။

သံပုရိုရည်

ပါဝင်ပစ္စည်းများကတော့ လတ်ဆတ်တဲ့ သံပုရိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၃ ဇွန်းခန့်နှင့် ဝါဂွမ်းလုံးတို့ လိုအပ်ပါမယ်။ ဝါဂွမ်းကို သံပုရိုရည် ဆွတ်လိုက်ပြီး ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ နေရာအနှံ့သုတ်လိမ်းပြီး ၁၀ မိနစ်ခန့်ကြာမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး မလုပ်သင့်ပါဘူး။

ပန်းသီးရှာလကာရည်

ရေ လေးဆနဲ့ ပန်းသီးရှာလကာရည် တစ်ဆတို့ကို သမအောင် ရောမွှေပြီးနောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၂ မိနစ်ခန့် ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုလည်း တစ်ပတ် ၂ ကြိမ်ခန့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

ပါဝင်ပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်နှင့် ရေအနည်းငယ်တို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို အနှစ်ဖြစ်သွားအောင် ရောနှောပြီးနောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ကြာမှ ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ ရက်အနည်းငယ်စီ ခြားပြီး ပြုလုပ်ပေးလိုက်ပါ။

အုန်းဆီစစ်စစ်

အုန်းဆီကို အနည်းငယ် အပူပေးပြီး နွေးနွေးလေးဖြစ်သွားပြီဆိုရင် ဦးရေပြားနဲ့ ဆံပင်အနှံ့ သုတ်လိမ်းပေးလိုက်ပါ။ အုန်းဆီက ဦးရေပြားထဲ စိမ့်ဝင်သွားဖို့အတွက် ဦးရေပြားကို ၂ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၂ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဗောက်ကြောင့် ဦးရေပြား ယားယံခြင်းနဲ့ ဦးရေပြားခြောက်ခြင်းတို့ကို သက်သာစေမှာပါ။

Source: stylecraze.com