မင်္ဂလာပါရှင်။ မနေ့ကမှ ခေါင်းလျှော်တယ် ဒါပေမဲ့ ဒီနေ့ခေါင်းနံနေပြီ။ ခေါင်းတွေယားနေပြီ။ ဒီလိုဦးရေပြားပြဿနာတွေကို ပျိုမေတို့ ရင်ဆိုင်ကြုံတွေ့နေရပါသလား? ခေါင်းအနံ့ထွက်တာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဘတ်တီးရီးယားပိုးဝင်တာကြောင့် မှိုနဲ့ဆိုင်တဲ့ပိုးဝင်တာကြောင့် ချွေးထွက်လွန်လို့ အဆီပြန်လို့ ပတ်ဝန်းကျင်ညစ်ညမ်းလို့ ဟော်မုန်းမမျှတတာတွေကြောင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်နော်။

အဆီပြန်တဲ့ဆံပင်က အနံ့ထွက်တာပိုမြန်ပါတယ်။ ဘာလို့လဲဆိုတော့ ဦးရေပြားအဆီက ပတ်ဝန်းကျင်ကအညစ်အကြေးတွေနဲ့ အနံ့ဆိုးတွေကို ပိုစုပ်ယူလွယ်တာကြောင့်မို့လို့ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာကလည်း ခေါင်းအနံ့ထွက်စေတဲ့ အကြောင်းအရင်းတစ်မျိုးပါပဲ့။ ဒါပေမဲ့ စိတ်မပူပါနဲ့ အနံ့ထွက်တာမြန်တဲ့ဦးရေပြားပြဿနာကို အလွယ်တကူဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းတွေရှိပါတယ်နော်။ ကဲ…ဘယ်လိုနည်းလမ်းလေးတွေလဲဆိုတာ အခုပဲ့ကြည့်လိုက်ရအောင်နော်…

ကြက်သွန်ဖြူအဆီ

Source: Blushin.com

ဆံပင်အနံ့ကို ဖယ်ရှားဖို့အတွက် ကြက်သွန်ဖြူက ဘုရင်တစ်ပါးပါပဲ။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူမှာ မှိုသတ်ပေးနိုင်တဲ့ ဆာလ်ဖာပါဝင်တာကြောင့်ပါ။ ဆာလ်ဖာဓာတ်က ဦးရေပြားအနံ့ကိုဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်နိုင်စွမ်းရှိပါတယ်။ ကြက်သွန်ဖြူဆီပြုလုပ်နည်း- ကြက်သွန်ဖြူ သုံးလေးမွှာလောက်ကို အုန်းဆီခွက်တစ်ဝက်နဲ့ ရောပြီး အပူပေးပါ။ ပြီးတာနဲ့ ဒီဆီအရောထဲကို ဂွမ်းလုံးနှစ်ပေးပါ။ နှစ်ထားတဲ့ဂွမ်းလုံးကို ဦးရေပြားပေါ်လိမ်းပေးပါ။ ဆီစိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။ မိနစ် ၂၀-၃၀ ထားပေးပါ။ ဓာတုပစ္စည်းနည်းတဲ့ ရှန်ပူအပျော့နဲ့ ခေါင်းလျှော်ပေးပါ။ ဒါကို တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

Tea Tree အဆီ

Tea Tree အဆီက ဦးရေပြားယားယံတာနဲ့ ဆံပင်ကပ်စေးစေးဖြစ်တာကို လျှော့ချပေးပါတယ်။ ဗောက်ဖယ်ရှားပေးပါတယ်။ Tea Tree အဆီကို ရေတစ်ခွက်နဲ့ရောပါ။ ဦးရေပြားပေါ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာထားပေးပါ။ ပြီးတာနဲ့ ရှန်ပူအပျော့နဲ့ လျှော်ပါ။ ဒါကိုလည်း တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ဦးရေပြားအနံ့ထွက်စေတဲ့ ခေါင်းအဆီကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆံသား တောက်ပစေပြီး ဦးရေပြား pH အဆင့်ကို မျှတအောင် ထိန်းပေးပါတယ်။ပြုလုပ်နည်း- ပန်းသီးရှာလကာရည် ခွက်တစ်ဝက်၊ essential oil နှစ်စက် သုံးစက်နဲ့ ပေါင်းခံထားတဲ့ရေကို ခွက်တစ်ခွက်မှာ ရောပေးပါ။ ပြီးတာနဲ့ အရည်ဖြန်းလို့ရတဲ့ စပရေးဘူးထဲ ထည့်ပေးပါ။ ခေါင်းတစ်ခုလုံးကို နှံ့အောင်ဖြန်းပေးပါ။ ၅မိနစ်ကနေ ၁၀ မိနစ်ထိထားပေးပါ။ ပြီးတာနဲ့ ရေနဲ့ ဆေးချလိုက်ပါ။

သံပယိုရည်

သံပယိုသီးအရည်က ဗောက်ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ဆံပင်ကိုတောက်ပစေပါတယ်။ သံပယိုရေလက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေတစ်ခွက်ထဲရောပါ။ ခေါင်းလျေျာ်ပြီးတဲ့အချိန် ဒီသံပယိုနဲ့ရေ အရောကို ဦးရေပြားနဲ့ ဆံပင်ပေါ်လိမ်းပါ။ မိနစ်အနည်းငယ်ထားပါ။ ပြီးတာနဲ့ ရေနဲ့ဆေးချလိုက်ပါ။ ဒါကို တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ထိပြုလုပ်နိုင်ပါတယ်။

ရှားစောင်းလတ်ပတ်ဂျယ်

ရှားစောင်းလတ်ပတ်က ဆံပင်ကို ပျော့ပြောင်းစေသလို အနံ့ဆိုးတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ခေါင်းလျှော်ပြီးတဲ့အချိန် ရှားစောင်းလတ်ပတ်ကို ဦးရေပြားပေါ်တင်ပြီး နှိပ်နယ်ပေးပါ။ ၁၅-၂၀မိနစ်ထားပါ။ ရေနဲ့ဆေးချပါ။ ဒါကို တစ်ပတ်မှာတစ်ခါပြုလုပ်နိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါက ခေါင်းအဆီကို လျော့ပါးစေပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ သုံးပုံတစ်ပုံရောပေးပါ။ ခေါင်းကို ရေစွတ်ပြီးတာနဲ့ ဒီအရောကို လိမ်းပေးပါ။ ၅-၁၀ မိနစ်ထားပါ။ ရေနဲ့ ဆေးချပါ။ ဒါကို တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ ဦးရေပြားအနံ့ခဏလေးနဲ့ထွက်တာကို ကာကွယ်ဖြေရှင်းလိုက်ရအောင်နော်။