နိုင်ငံခြားက အထက်တန်းကျောင်း လူငယ်တွေရဲ့ ဇာတ်လမ်းတွေက ကြည့်ရတာ ပေါ့ပါးပြီး စိတ်ဝင်စားဖို့ ကောင်းလေ့ရှိပါတယ်။ ရင်ခုန်တတ်တဲ့ လူငယ်အရွယ်တွေ ကြည့်ရင် ပိုတောင် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းထဲက မင်းသား၊ မင်းသမီးရဲ့ ခံစားချက်နဲ့ ကိုယ့်ခံစားချက်ကို ဆက်နွယ်နိုုင်တာမို့လို့ပါ။ ရင်ခုန်စရာ၊ တိုက်ဆိုင်တာတွေ ပါလာရင် လူငယ်ကောင်လေး၊ ကောင်မလေးတွေအတွက် ကြည့်ရတာ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ ဒီတစ်ခေါက်မှာတော့ လူငယ်ကောင်လေး၊ ကောင်မလေးတွေ အကြိုက်တွေ့စေမယ့် အထက်တန်းကျောင်း ဇာတ်လမ်းကောင်းတွေကို ဖော်ပြပါရစေ။

၁။ Flipped (2010)

ဒီဇာတ်လမ်းကတော့ တစ်ယောက်က စိတ်ဝင်စားမိချိန်မှာ တစ်ယောက်က ဒါကို မခံစားမိဘဲ၊ မခံစားမိတဲ့ တစ်ယောက်က စိတ်ဝင်စားတယ်လို့ ခံစားလာရတဲ့အခါမှာတော့ အရင် စိတ်ဝင်စားမိတဲ့ တစ်ယောက်က ဒီလူကို တကယ်ချစ်တာ မဟုတ်မှန်း သိသွားတဲ့ ဇာတ်လမ်းပုံစံကို စိတ်ဝင်တစား ကြည့်ရမှာပါ။ ကလေးဘဝ ဇာတ်ဝင်ခန်းတွေက ကြည့်ရတာ အသည်းကလိကလိ ဖြစ်စေမယ့် အခန်းတွေ ဖြစ်ပါတယ်။

၂။ Wild Child (2008)

အမေ မရှိတော့တဲ့ ဂျစ်ကန်ကန် ကောင်မလေးက ဖခင်ရဲ့ စကားအတိုင်း US ကျောင်းသူ ဘဝကနေ UK ကျောင်းသူ ဖြစ်သွားတဲ့အခါ ကဗြောင်းကဗြန်တွေ စဖြစ်ပါတော့တယ်။ ဇာတ်လမ်းထဲက ဂျစ်ကန်ကန် ကောင်မလေး ဇာတ်ကောင် Poppy က ပြောင်းလဲသွားတဲ့ အခြေအနေ၊ အပေါင်းအသင်း အသစ်တွေနဲ့ လိုက်လျောညီထွေ နေနိုင်ပါ့မလား စိတ်ဝင်တစား ကြည့်ရမှာပါ။

၃။ Clueless (1995)

ကိုယ့်ဘဝအတွက် Special Person က ဘယ်သူလဲ သဲလွန်စကင်းမဲ့စွာ ရှာဖွေနေတဲ့ ချစ်စရာ ကျောင်းသူလေး Cher အကြောင်းကို ကြည့်ရှုရမှာပါ။ သူမ ချစ်မိတဲ့သူက ဘယ်သူလဲ သူမ ကိုယ်တိုင်တောင် မသိနိုင်ဘဲ နောက်ဆုံးမှာကော သူမရဲ့ ဖူးစာရှင်အမှန်ကို ရှာတွေ့နိုင်ပါ့မလား ကြည့်ရမယ့် ဇာတ်လမ်းပါ။

၄။ The Princess Diaries (2001)

ရှပ်ပြာပြာ လူငယ်ကောင်မလေးက သူမဟာ Genovia ရဲ့ မင်းသမီးတစ်ပါးဖြစ်ကြောင်း သိရတဲ့ အခါမှာတော့ နန်းတော် စည်းမျဉ်းစည်းကမ်းတွေနဲ့ သူမရဲ့ အပြုအမူတွေက ဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ရပါတော့တယ်။ သူမက တကယ်ကော မင်းသမီးတစ်ပါး ဖြစ်ထိုက်ရဲ့လား “The Princess Diaries” မှာ မြင်ရမှာပါ။

၅။ 10 Things I hate about You (1999)

အမ ရည်းစားထားမှ ညီမက ထားရမယ် ဆိုတဲ့ ဖခင်ဖြစ်သူရဲ့ စည်းကမ်းချက်ကြောင့် ချောမောလှပတဲ့ ညီမကို လိုချင်ကြတဲ့ ချာတိတ်ကောင်လေးဟာ လူ့ဂွစာ ဆက်ဆံရေးနဲ့ အမကို ရည်းစားဘယ်လိုရအောင် လုပ်ပေးရမလဲ အကြံထုတ်ရပါတော့တယ်။ ဒီအမကို တွဲပေးဖို့ အကူအညီတောင်းခံရတဲ့ မိုက်ကန်းကန်း ကောင်လေးကကော ဟန်ဆောင်ရာက တကယ်ချစ်မိသွားမလား အသည်းတယားယား ကြည့်ရမယ့် ဇာတ်လမ်းပါ။

Photo Source: Pinterest

By MyStyle Myanmar