ကျန်းမာတဲ့ လူနေမှုပုံစံဖြစ်ဖို့ဆိုတာ အသက်ကြီးမှ ထပြီး လုပ်တာထက် ငယ်ကတည်းက ကျန်းမာရေးနဲ့ ညီတဲ့ အလေ့အကျင့်တွေ လုပ်ဖို့က အရေးကြီးဆုံးပါ။ အသက် ၂၀ လောက်မှာ ကျန်းမာရေးကို ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် အသက် ၃၅-၄၀ လောက်ဆိုရင် စပြီး ချူချာလာနိုင်ပါတယ်။ ဒါကြောင့် အသက်ငယ်ငယ်ကတည်းက တစ်ဘဝလုံး ကျန်းကျန်းမာမာ ဖြတ်သန်းသွားနိုင်ဖို့ အခုပြောမယ့် အလေ့အကျင့်လေးတွေကို လိုက်နာပေးသင့်ပါတယ်။

(၁) ကျန်းမာရေးနဲ့ ညီအောင် စားပါ

Photo : Tyent USA

ဖြစ်သလို စားတာဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ကျန်းမာရေးနဲ့ မညီတဲ့ လမ်းဘေးအစားအစာတွေ ၊ အလွယ်တကူ စားနိုင်တဲ့ အသင့်စားအစားအစာတွေနဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ကျန်းမာရေး ထိခိုက်ပျက်စီးလာမှာ အမှန်ပါပဲ။

(၂) ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ

Photo : BetterMe

ငယ်တုန်းရွယ်တုန်း ကျန်းမာတုန်းမှာ ပစ်ထားမိတဲ့ အရာတွေထဲက တစ်ခုက ကိုယ်လက်ကျန်းမာကြံ့ခိုင်ဖို့အတွက် အချိန်မပေးမိတာပါပဲ။ လှုပ်ရှားမှု နည်းပြီး မျက်စိနဲ့ အရိုးအဆစ်အပါအဝင် ကျန်းမာရေးပြဿနာတွေ စုပုံဖြစ်ပွားလာနိုင်တဲ့ မိုဘိုင်းလ်ဂိမ်းကစားမှုနဲ့ပဲ အချိန်ကုန်တတ်ပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုဟာ လူကို သွက်လက်ဖျတ်လတ်စေပြီး စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျခြင်းလို့ စိတ်ပိုင်းကျန်းမာရေးအတွက်ပါ အကျိုးပြုပါတယ်။

(၃) ဆေးလိပ် အရက် ရှောင်ကြဉ်ပါ

Photo : HabboNight

ဆေးလိပ်အရက်သောက်တာဟာ တစ်ချိန်မှာ နောင်တရမယ့် ကိစ္စတစ်ခုကို သွားပြီး ခြေလှမ်းစမိတာ ဖြစ်ပါတယ်။ အရက်နဲ့ ဆေးလိပ်ဟာ ငွေကုန်ကြေးကျလည်း များသလို ကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်နဲ့ အရက် သောက်သုံးမှုကို ငယ်ကတည်းက ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၄) တရားထိုင်ပါ

Photo : Daily Life

နေ့တိုင်း တရားထိုင်တဲ့ အကျင့် လုပ်တာဟာ စိတ်ကို စည်းကမ်းတကျဖြစ်အောင် ထိန်းချုပ်စောင့်ထိန်းတဲ့ အကျင့်ကောင်း ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ အာရုံစူးစိုက်မှုမြင့်မားပြီး မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။ ဒီနေ့ခေတ်မှာ အဖြစ်များလာတဲ့ စိတ်ဓါတ်ကျခြင်း ၊ စိတ်ဖိစီးမှုနဲ့ သောကတွေကို တရားထိုင်ခြင်းက ကုစားပေးနိုင်ပါတယ်။