မင်္ဂလာပါနော်။ တံတောင်ဆစ်အသားခြောက်တာဟာ လူတိုင်းနီးပါးအနည်းနဲ့အများဖြစ်တတ်တဲ့ အရေပြားအခြေအနေတစ်ခုဖြစ်ပြီး ရေဓာတ်ခမ်းခြောက်တာ၊ ခြောက်သွေ့တဲ့လေနဲ့ထိတွေ့တာ၊ လက်ထောက်တာတွေကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် သင်က ကိုယ့်ကိုယ်ကိုယ် ပုံမှန်ထက် ပိုမဲနေတယ်လို့ ခံစားရပြီး အကျီၤလက်ပြတ်တွေဝတ်ဖို့ကိုပါ ယုံကြည်မှုမရှိတော့ဘူး ဆိုရင်တော့ ပြန်သက်သာအောင် လုပ်နိုင်မယ့်နည်းတွေကိုသိထားရင် အကောင်းဆုံးပါပဲ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ တံတောင်မဲတာ၊ ခြောက်သွေ့တာတွေ ပြန်လည်သက်သာဖို့ လုပ်ပေးနိုင်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

တံတောင်ရေစိုနေချိန်မှ Product တွေလိမ်းတာမျိုးလုပ်ပေးပါ

တံတောင်အသားအရေအတွက် Lotion နဲ့ Cream တွေ လိမ်းတဲ့အခါ ခြောက်သွေ့နေတဲ့ အသားပေါ်တိုက်ရိုက်လိမ်းတာထက် ရေစိုအသားပေါ်မှာလိမ်းပေးဖို့ အကြံပေးချင်ပါတယ်နော်။ ဒီလိုလုပ်ပေးတာက အသားထဲစိမ့်ဝင်အားပိုကောင်းပြီး အစိုဓာတ်များများဝင်စေဖို့ ထောက်ပံ့ပေးမှာပါ။

ရေအပူနဲ့ ရေမချိုးသင့်ပါဘူး

အေးတဲ့ရာသီမှာဆိုရင် ရေနွေးလေးနဲ့ ရေချိုးတာမျိုးလုပ်ဖူးကြမှာပါ။ ဒါပေမယ့် အပူက အရေပြားထဲက သဘာဝအဆီတွေကို ဖယ်ရှားမိသလိုဖြစ်ပြီး ခြောက်သွေ့လွယ်တဲ့အသားအရေကို ပိုဆိုးသွားစေတာမို့ အပူနဲ့တိုက်ရိုက်မထိတာက အကောင်းဆုံးပါပဲ။ ရေအပူကိုရှောင်ပြီး ရိုးရိုးရေအေးသုံးကာ ရေဆေးပြီးတဲ့နောက် ပုဝါနုနုနဲ့ ခပ်ဖွဖွပုတ်ပြီး သုတ်ပေးပါ။ ပြီးရင်တော့ အသားမခြောက်ရအောင် အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းပေးသင့်ပါတယ်။

ဆပ်ပြာအပျော့ကိုသုံးပေးပါ

တံတောင်သန့်စင်ဖို့အတွက် ချေးချွတ်အာနိသင်များတဲ့ ဆပ်ပြာအကြမ်းတွေ ဓာတုပစ္စည်းများတဲ့ Cleanser တွေ ရှောင်ပြီး အနံ့မပါတဲ့ ခပ်ပျော့ပျော့အမျိုးအစားတွေ ရွေးသုံးပေးဖို့ လိုပါတယ်။ ဒါ့အပြင် တံတောင်ညိုမဲတာ ပျောက်အောင် Brush နဲ့ ကြမ်းကြမ်းတမ်းတမ်း တိုက်ပြီးဆေးတာမျိုးကိုလည်း ရှောင်ဖို့ မမေ့ပါနဲ့။

Scrub တိုက်ပြီး ဆဲလ်သေတွေဖယ်ရှားပါ

Photo Source: byrdie

နောက်ထပ် တံတောင်မဲတာ သက်သာဖို့ လုပ်သင့်တာကတော့ ဆဲလ်သေတွေဖယ်ရှားဖို့အတွက် Scrub လုပ်ပေးရမယ့်အဆင့်ပါ။ အိမ်တွင်းနည်းလေးတွေလည်း သုံးနိုင်သလို အခြားအဆင်ပြေမယ့် Scrub တွေနဲ့ တိုက်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ လက်ထောက်တာကိုလျှော့ပြီး Scrub ကိုပါ တစ်ပတ်တစ်ကြိမ်လောက် ပုံမှန်တိုက်ပေးရင် လပိုင်းအတွင်း သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။

Vaseline ပွတ်ထားပေးပါ

Photo Source: BeBeautiful

Vaseline က ခြောက်သွေ့နေတဲ့ အရေပြားကို အတွင်းပိုင်းအထိ အစိုဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တာမို့ အိပ်ရာဝင်ခါနီး Vaseline Jelly ကို တံတောင်မှာလိမ်းပြီး အိပ်တာမျိုး လုပ်ပေးသင့်ပါတယ်။ ပုံမှန်လိမ်းပေးမယ်ဆိုရင် သင့်တံတောင်ဆစ် အသားအရေ နူးညံ့စေမယ့်အပြင် မွဲညစ်နေတာတွေသက်သာပြီး အသားရောင်ညီလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar