နေ့စဉ်ရှုပ်ထွေးလှတဲ့ လူမှု့ဘဝကြီးမှာ ရုန်းကန်လှုပ်ရှားသွားလာရင် မွန်းကြပ်မှုတွေကိုခံစားနေရပြီလား။ စာဖတ်သူအနေနဲ့ ခေါက်ရိုးကျိုးနေတဲ့ နေ့စဉ်ဘဝကြီးကရဲ့ မွန်းကြပ်မှုတွေကို ပြေလျော့ဖို့ အားကစားတစ်ခုခုလုပ်မယ်ဆို စဉ်းစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက စာဖတ်သူအတွက် ဖြစ်ပါတယ်။ ဒီနေ့ပြောပြပေးမှာက မွန်းကြပ်မှုတွေကို ပြေလျော့ပြီး စိတ်လက်ပေါ့ပါးစေမယ့် အားကစားနည်းတွေဖြစ်ပါတယ်။

(၁) ရေကူးပါ

Woman swimmer swimming

Photo : Freepik

စိတ်ရဲ့မွန်းကြပ်မှုတွေကြောင့် ခန္ဓာကိုယ်မှာပါ ပင်ပန်းနွမ်းနယ်ခြင်းတွေခံစားနေရတယ်ဆိုရင် ရေကူးကြည့်ဖို့ အကြံပြုချင်ပါတယ်။ ရေကူးခြင်းဟာ ကျန်းမာရေးအတွက် အကျိုး ကျေးဇူးတွေများစွာရစေသလို မွန်းကြပ်နေတဲ့ စိတ်အခြေအနေတွေကိုလည်း ပြေလျော့စေမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းဖြစ်စေ သူငယ်ချင်းတွေနဲ့ဖြစ်စေ ၁ နာရီလောက်အချိန်ပေးပြီး ရေကူးလိုက်ပါ။

(၂) စက်ဘီးနင်းပါ

Young girl riding bicycle outside

Photo : Freepik

စက်ဘီးနင်းခြင်းဟာ လူတိုင်းနဲ့ ရင်းနှီးပြီးသား အားကစားနည်းတစ်ခုပါ။ ဒါပေမယ့် ဒီနေ့ပြောချင်တဲ့ စက်ဘီးနင်းနည်းကတော့ မြို့ပြရဲ့ မွန်းကြပ်မှုတွေ ပြည့်နေတဲ့လမ်းမတွေပေါ်မှာမဟုတ်ပဲ သဘာဝတရားကြီးကိုခံစားရင်း စိတ်လက်ပေါ့ပါးစွာ အားကစားလုပ်နိုင်မယ့် စက်ဘီးစီးခြင်း ဖြစ်ပါတယ်။ ကိုယ်လိုပဲ စက်ဘီးစီးဝါသနာပါတဲ့ ဘော်ဒါ သုံးလေးယောက်လောက်စုပြီး မြို့ပြင်ဘက် ဒါမှမဟုတ် စိမ်းစိုတဲ့ တောအုပ်တွေနဲ့ နီးစပ်တဲ့ ရိုးမဘက်လိုနေရာတွေမှာ စက်ဘီးနင်းကြည့်ဖို့ အကြံပြုပါရစေ။

(၃) စကိတ်စီးပါ

Girl practising skateboarding with friends cheering

Photo : Freepik

စကိတ်စီးခြင်းဟာ လူငယ်တွေကြားမှာအရမ်းကို ရေပန်းစားလျက်ရှိပြီး အပျော်တမ်းစကိတ်စီးသူတွေသာမက အားကစားတစ်ခုအနေနဲ့ တစိုက်စိုက်စီးကြတဲ့ ပရော်ဖက်ရှင်နယ်စကိတ်သမားတွေလည်း များစွာရှိလာပါပြီ။ ကုန်းကျော်တံတားတွေအောက် စကိတ်ကွင်းတွေ ပန်းခြံတွေထဲက စကိတ်ကွင်းတွေဆိုတာလည်း လူငယ်တွေအတွက် အပျော်တွေပေါင်းဆုံရာနေရာတွေဖြစ်နေပါပြီ။ စကိတ်စီးတာကပျော်စရာကောင်းပြီး မိတ်ဆွေတွေလည်းတိုးစေနိုင်တာကြောင့် စာဖတ်သူအနေနဲ့ တစ်ကြိမ်လောက် Try ကြည့်သင့်ပါတယ်။

(၄) ယောဂလေ့ကျင့်ပါ

A beautiful girl is engaged in a yoga studio

Photo : Freepik

လှုပ်လှုပ်ရှားရှားအားကစားနည်းတွေမကြိုက်တဲ့သူတွေအတွက်တော့ ယောဂကစားနည်းက အသင့်တော်ဆုံးဖြစ်ပါတယ်။ ယောဂကစားနည်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း ကစားနိုင်ပါတယ်။ အဓိကအားဖြင့် ယောဂကစားနည်းက စိတ်တည်ငြိမ်အေးချမ်းခြင်းကိုပေးစွမ်းပြီး မွန်းကြပ်မှုတွေပြေလျော့သက်သာစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ပတ်သတ်ပြီးလည်း ကောင်းကျိုးတွေများစွာရစေတာကြောင့် ယောဂကစားနည်းကိုလည်း စမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။