မြန်မာဝတ်စုံလေးဝတ်တဲ့အခါမှာ တင်နဲ့ရင် လှပနေဖို့၊ ဘောင်းဘီအတိုလေးဝတ်တဲ့အခါမှာလည်း ပေါင်တံလေးတွေ သွယ်လျနေဖို့အပြင် ခါးသေးရင်ချီဖြစ်ချင်ကြတာကတော့ မိန်းကလေးတိုင်းရဲ့စိတ်ကူးယဉ်အိပ်မက်လို့ ပြောရင် မှားမယ်မထင်ပါဘူး။

ဒီလိုလှပသွယ်လျတဲ့ခန္ဓာကိုယ်လှလှလေး ပိုင်ဆိုင်ချင်ကြတဲ့အိပ်မက်လေးကို အကောင်အထည်ဖော်ဖို့ဆိုရင် အစားအသောက်ဆင်ခြင်ရမှာဖြစ်သလို လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ခါးသေးရင်ချီပြီး လက်မောင်းလေးတွေကျစ်လစ်နေဖို့အတွက် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေကို အချိန်လေးပေးပြီး ပြုလုပ်ပေးဖို့ တိုက်တွန်းပါရစေ။

တင်ပါးလုံးလုံးလေးဖြစ်နေပြီး ကြည့်ကောင်းနေဖို့အတွက်

ပုံမှာပြထားတဲ့အတိုင်း ကြမ်းပြင်ပေါ်မှာ လက်ဖဝါးနှစ်ဖက်ထောက်ထားပါ၊ ဒူးထောက်ထားပါ။ နောက်ကျောကို တစ်ဖြောင့်တည်းဖြစ်နေပါစေ။ ကွေးထားတဲ့ဒူးကို ကွေးလျက်သားလေး အပေါ်မြှောက်လိုက်ပါ။ ပြန်ချတဲ့အခါ ကြမ်းပြင်ကို မထိပါစေနဲ့။ ဘယ်ခြေထောက်နဲ့အပေါ်ကို သုံးကြိမ်ပစ်တင်ပြီးသွားတဲ့အခါ ညာခြေထောက်နဲ့သုံးကြိမ် အပေါ်ကို ပစ်တင်လိုက်ပါ။ သင့်ရဲ့အမောခံနိုင်စွမ်းပေါ်မူတည်ပြီး ၁၀ ကြိမ် (သို့) ၁၅ ကြိမ် ပြုလုပ်ပေးပါ။

ရင်သားအလှအတွက် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်း

လက်ဖဝါးနှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ဆန့်တန်းထားပြီး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲပြီး ခြေဖျားထောက်ထားပါ။ အသက်ရှုသွင်းလိုက်တဲ့အချိန်မှာ တံတောင်ဆစ်ကို ၉၀ ဒီဂရီ ကွေးညွှတ်လိုက်ပါ။ အသက်ရှုထုတ်လိုက်ချိန်မှာတော့ မူလအနေအထား ပြန်သွားပါ။ သင်လုပ်နိုင်သလောက်အထိ အကြိမ်ရေများများပြုလုပ်ပေးပါ။ အကယ်လို့ ခြေဖျားထောက်ထားရတာ အခက်အခဲဖြစ်တယ်ဆိုရင် ဒူးထောက်ထားပြီးတော့လည်း ပြုလုပ်နိုင်ပါတယ်။

ခါးသေးသွယ်ဖို့အတွက် လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ် လှဲလျောင်းလိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ထောင့်မှန်ပုံရအောင် မြှောက်ထားပေးပါ။ အသက်ပြင်းပြင်းရှုလိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွလိုက်ပါ။ ညာတံတောင်ဆစ်ကို ဘယ်ဒူးခေါင်းနဲ့ ထိကပ်လိုက်ပါ။ သတိထားရမယ့်တစ်ချက်ကတော့ ခါးကို ကြမ်းပြင်ပေါ်က မကြွလိုက်ဖို့ပါပဲ။ ပြီးတဲ့အခါ ဘက်ပြောင်းပြီး ဘယ်တံတောင်ဆစ်နဲ့ ညာဒူးခေါင်းကို ထိကပ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းလေးကို ၁၀ ကြိမ် (သို့) ၁၅ ကြိမ်ကို ၃ ကျော့စီပြုလုပ်ပေးပါ။

ခြေသလုံးနဲ့ ပေါင်တံ သေးသွယ်ဖို့အတွက် လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်က ခန္ဓာကိုယ်ဘေးနားမှာ ရှိနေရပါမယ်။ အနေအထားမှန်ပြီး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ညာခြေထောက်ကို ဖြောင့်တန်းနေအောင် ထောင်မတ်လိုက်ပါ။ ဘယ်ခြေကိုတော့ ကြမ်းပြင်ကနေ အနည်းငယ် ကြွပေးလိုက်ပါ။ ပြီးရင် ဘယ်ခြေနဲ့ညာခြေကို ပြောင်းပြီး ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းလေးကို ၁၅ ကြိမ်ပြုလုပ်ပေးပါ။

Source: Brightside.me