ကျန်းမာရေးနဲ့ ညီတဲ့ သောက်စရာအဖျော်တွေဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာ စွမ်းဆောင်နိုင်မှု လုပ်အားပေါ် လွှမ်းမိုးမှု ရှိပါတယ်။ မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီတဲ့ သောက်စရာလေးတွေ သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်စွမ်းအင်တင် ပြည့်တင်းစေရုံမဟုတ်ဘဲ လူကိုပါ ပေါ့ပါး လန်းဆန်းစေနိုင်ပါတယ်။ ဒီလို သောက်စရာတွေထဲကမှ မနက်ခင်းမှာ သောက်သုံးပေးသင့်တဲ့ သောက်စရာတစ်ချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မနက်ခင်း ရေတစ်ဖန်ခွက်

Photo: Medical News Today

အိပ်ရာက နိုးထလာတာနဲ့ ရေတစ်ဖန်ခွက်ပြည့်ပြည့် သောက်ပေးခြင်းဟာ အဆိပ်တောက်တွေ သန့်ရှင်းပေးနိုင်သလို ညဘက် အိပ်ထားချိန် လိုအပ်နေတဲ့ ရေဓါတ်တွေကိုလည်း ဖြည့်ပေးနိုင်မှာပါ။ မနက်စောမှာ ရေဝဝသောက်ခြင်းဟာ ဇီဝကမ္မဖြစ်စဉ်ကိုလည်း ပိုကောင်းစေပါတယ်။ မနက်ခင်းမှာ သောက်မယ့် ရေတစ်ဖန်ခွက်ထဲ လီမွန်လေးပါ ဖြည့်ပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ပိုကောင်းစေမယ့် ဗိုက်တာမင်စီဓါတ်လည်း ပြည့်ဝစေမှာပါ။ သွေးတွင်းသကြားဓါတ်နည်းစေပြီး ဗိုင်းရပ်စ်ပိုးတွေ သေစေဖို့ဆိုရင် ကိုယ်သောက်မယ့်ရေထဲမှာ ပန်းသီးဗနီကာလေးပါ ထည့်သောက်သင့်ပါတယ်။

အသီးအရွက် ဖျော်ရည်

Photo: Medical News Today

ခရမ်းချဉ်သီး ၊ ဟင်းနုနွယ် ၊ မုန်လာဥနီ ၊ သခွားသီး ၊ လီမွန်နဲ့ ရွှေဖရုံသီး ဖျော်ရည်တွေဟာ သံဓါတ်ကြွယ်ဝတဲ့ မနက်ခင်း ဖျော်ရည်တွေ ဖြစ်ပါတယ်။ သွေးတွင်းဆဲလ်တွေကို အောက်ဆီဂျင်ထောက်ပံ့မှု ပိုကောင်းစေပြီး ခွန်အားလည်း ပြည့်ဝစေပါတယ်။ တစ်နေ့လုံး တက်ကြွရွှင်လန်းစေတဲ့ အစွမ်းလည်း ပေးပါတယ်။ Smoothie လို့ခေါ်တဲ့ သစ်သီးဖျော်ရည်တွေကတော့ အရသာလည်းကောင်းလို့ သောက်သုံးသူတွေ များပါတယ်။ အမျှင်ဓါတ် ၊ အသားဓါတ်နဲ့ ဗိုက်တာမင်တွေလည်း ကြွယ်ဝလို့ ကိုယ်ခံအားစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှု ပိုကောင်းအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

ကော်ဖီ

Photo: The Sun

ကော်ဖီတစ်ခွက်ဟာ သင့်မနက်ခင်းကို လန်းဆန်းတက်ကြွစေဖို့အတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ကော်ဖီမှာ ပါတဲ့ Polyphenols လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ဆဲလ်တွေထဲက စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး Free Radicals တွေကိုလည်း သတ်နိုင်ပါတယ်။ နှလုံးကျန်းမာရေးအန္တရာယ်တွေ လျှော့ချနိုင်လို့လည်း ကော်ဖီဟာ နာမည်ကြီးပါတယ်။ တစ်နေ့ကို အများဆုံး ၃ ခွက်ထွက် ပိုမသောက်ရင်တော့ ပိုကောင်းပါတယ်။

Green Tea

Photo: Reader’s Digest

တကယ်လို့ သင်က ကော်ဖီမကြိုက်ရင် Green Tea နဲ့ မနက်ခင်းကို ဖြတ်သန်းလို့ ရပါတယ်။ Green Tea မှာ ကဖိန်းဓါတ်အနည်းငယ် ပါပြီး စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ် ယောင်ယမ်းမှုကို သက်သာစေပါတယ်။ Green Tea နေ့တိုင်း သောက်မယ်ဆိုရင် ဆီးချိုသွေးချို Type 2 ဖြစ်မှု လျှော့ချနိုင်ပြီး ဝိတ်ချဖို့လည်း အကူအညီပေးနိုင်ပါတယ်။