Gray ကာလာကို ခဲဖျော့လို့ ခေါ်တာမျိုးလည်း ရှိပါတယ်။ အဖြူနဲ့ အမည်းအကြားက ကြားရောင်ဖြစ်တဲ့ Gray ရောင် (ဗြိတိသျှ အင်္ဂလိပ်စကားအရ Grey) ကို နှစ်နှစ်ခြိုက်ခြိုက် ဝတ်ကြသူတွေ အများကြီး ရှိပါတယ်။

Navy Color လိုပဲ Gray ရောင်ဟာ အဝတ်ဗီရိုမှာ အတွေ့များတဲ့ ကာလာတစ်ခုအဖြစ် လူသိများပါတယ်။ အခုလို လူဝတ်များတဲ့ မီးခိုးရောင်အဝတ်အစားတွေ ဝတ်တော့မယ်ဆိုရင် သူနဲ့ လိုက်ဖက်တဲ့ အရောင်တွေလည်း ဝတ်ပေးဖို့ လိုပါတယ်။

မီးခိုးရောင်ဖက်ရှင်နဲ့ တွဲဝတ်လို့ ကောင်းတဲ့ အရောင်တွေထဲက တချို့အကြောင်း အောက်မှာ ပြောထားပါတယ်။

(၁) အနက်

မီးခိုးရောင်နဲ့ တွဲလိုက်ရင် ထင်းနေအောင် လိုက်ဖက်တဲ့ ကာလာတစ်ခုကတော့ အနက်ရောင်ပဲ ဖြစ်ပါတယ်။ မီခိုးရောင်ဘောင်းဘီ Pant ကလည်း အနက်ရောင် Shoes တွေနဲ့ လိုက်ဖက်တာပါပဲ။ ဒီနှစ်ရောင်က Neutral ဖြစ်ပြီး အရောင်ချင်း အစပ်အဟပ်လည်း အဆင်ပြေပါတယ်။

(၂) အဖြူ

အဖြူ‌ရောင်က မီးခိုးရောင်နဲ့ အဆင်ပြေတဲ့ Classic ကာလာဖြစ်ပြီး ကမ္ဘာပေါ်က သန်းနဲ့ချီတဲ့ ရုံးဝန်ထမ်းတွေဟာ မီးခိုးရောင် Pant နဲ့ အဖြူရောင်ရှပ်ဖက်ရှင်ကို နေ့တိုင်း ရုံးတက်/ရုံးဆင်းဝတ်လေ့ရှိတဲ့ စတိုင်အဖြစ် ဝတ်လေ့ရှိပါတယ်။ Gym ကစားတဲ့သူတွေထဲမှာလည်း မီးခိုးရောင် SweatPant နဲ့ တီရှပ်အဖြူကို ဝတ်ပြီး Gym ကစားတဲ့သူတွေ အများကြီးပါပဲ။

အဖြူရောင်နဲ့ မီးခိုးရောင် တွဲဝတ်မယ်ဆိုရင် မီးခိုးရောင် Shade ကို ပါးပါးလေး ပါတာသုံးသင့်ပါတယ်။ နောက်တစ်ချက်က အဖြူနဲ့ မီးခိုးရောင်အပြင် အနက်ရောင်ပါတဲ့ အဝတ်အစားတစ်မျိုးမျိုးလည်း ပါရင် ပိုကောင်းပါတယ်။

(၃) အပြာရောင်

အပေါ်က Monochrome တွေကို မကြိုက်ရင် အပြာရောင်နဲ့လည်း မီးခိုးရောင်အဝတ်အစားတွေကို တွဲဖက်ဝတ်ဆင်လို့ ကောင်းပါတယ်။ အပြာရောင်ပြေးလေးတွေကနေ နက်ပြာရင့်ပုံစံအထိ အဆင်ပြေတဲ့ အပြာကာလာတန်းတွေ အများကြီးပါပဲ။ နက်ပြာရောင် Navy ကတော့ မီးခိုးရောင်နဲ့ အလိုက်ဖက်ဆုံးပါပဲ။ Casual သမားတွေကတော့ မီးခိုးရောင် တီရှပ်နဲ့ Dark Blue Jeans ကို တွဲဝတ်ကြပါတယ်။

(၄) အနီ

ကွီးတို့ရဲ့ မီးခိုးရောင်ဖက်ရှင်ပေါ်မှာ အနီရောင် Shade ပါတဲ့ အဝတ်အစား ပါရင်လည်း အဆင်ပြေပါတယ်။ အနီရောင်က အရောင်ကွဲမျိုးစုံ ရှိပါတယ်။ သိပ်‌တောက်ပတဲ့ အနီရောင်မျိုးကတော့ မီးခိုးနဲ့ မလိုက်တာကြောင့် ဝတ်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ အနီရောင်ကိုမှ နီညိုရင့် Maroon ကာလာမျိုးက မီးခိုးရောင်နဲ့ အဆင်ပြေဆုံးပါပဲ။

(၅) အညို

နောက်ဆုံး ပြောရမယ့် အရောင်က အညိုရောင် ဖြစ်ပါတယ်။ မီးခိုးနဲ့ အညိုက လူတိုင်းလိုလို မြင်ဖူးနေကျ ကာလာအတွဲအစပ်တစ်ခု ဖြစ်မှာပါ။ များသောအားဖြင့် ဆောင်းရာသီမှာ အဝတ်များကြတဲ့ အရောင်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အနည်းဆုံးတော့ အညိုရောင် Shoes နဲ့မီးခိုးရောင် ကုတ်အင်္ကျီမျိုး ၊ ဒါမှမဟုတ်လည်း မီးခိုးရောင် ဆွယ်တာနဲ့ အညိုရောင်သိုးမွေးချည်ဘောင်းဘီဖက်ရှင်အတွဲမျိုး ဖြစ်ပါတယ်။