နေပူထဲမှာ အကြာကြီးနေထားလို့ အသားအရေ နေလောင်ခံထားရရင် ဒီတိုင်းမထားသင့်ပါဘူး။ အသားအရေကို သေချာပြန်ကုစားပေးဖို့ လိုပါတယ်။ နေလောင်ထားပြီး ဘာမှမလုပ်ပဲ ပစ်ထားမယ်ဆိုရင်တော့ အသားအရေထိခိုက်ပျက်စီးပြီး sensitive ဖြစ်လာမယ်၊ တင်းတိတ်နဲ့ အမဲစက်တွေ ထွက်လာမယ်၊ အရေးအကြောင်းနဲ့ အရေပြားတွန့်တာတွေ မြန်မြန်ဖြစ်လာပါမယ်။

ဒါကြောင့် အိမ်မှာ အလွယ်လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်တာမျိုးလောက်တော့ လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်လို့ရအောင် အသားအရေ နေလောင်ထားတဲ့သူတွေအတွက် သဘာဝမျက်နှာပေါင်းတင်နည်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။

သံပယိုသီး၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်တို့နဲ့ ပေါင်းတင်နည်း

ချေထားတဲ့ခရမ်းချဉ်သီး – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး နေလောင်ထားတဲ့နေရာမှာ လိမ်းထားပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ရေအေးနဲ့ပဲ မျက်နှာသစ်လိုက်ပါ။ ဒီလိုပေါင်းတင်ပေးခြင်းက နေလောင်ထားတာသက်သာစေပြီး အသားအရေ bright ဖြစ်စေပါတယ်။

သင်္ဘောသီးနဲ့ပျားရည်

သင်္ဘောသီးအလုံးသေးတစ်ခြမ်းကို အခွံခွာ၊ အစေ့တွေဖယ်ပြီး ကျေညက်အောင်ချေပါ။ ကျေညက်အောင်ချေပြီးရင် ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင်တော့ နေလောင်ထားတဲ့နေရာကို သေချာလိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချပြီး မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ နေလောင်ထားတာတွေကို သက်သာစေပြီး ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

သံပယိုရည်နဲ့အာလူးအရည်

အာလူးတစ်လုံးကို အခွံခွာ၊ ခြစ်ချပြီး ရလာတဲ့အာလူးအဖတ် သေးသေးလေးတွေကို အဝတ်သန့်တစ်ခုထဲထည့်ပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့အာလူးအရည်တွေကိုမှ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောမွှေပြီး နေလောင်ထားတဲ့နေရာကို ဂွမ်းလုံးလေးနဲ့ ယူလိမ်းပေးပါ။ လိမ်းပြီးရင် မိနစ် ၂၀ ထားပြီး မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကတော့ နေလောင်ထားတာတွေကို အမြန်ဆုံး သက်သာလာစေပါတယ်။