တရားထိုင်ခြင်းဟာ စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ နေ့စဉ်ဘဝအတွက် ကောင်းကျိုးများစွာ ထောက်ပံ့ပေးနိုင်တာကြောင့် တစ်ရက်ကိုအနည်းဆုံး ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့်လောက် တရားထိုင်ခြင်းအလေ့အကျင့်ကို လုပ်ဆောင်သွားသင့်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့စေတယ်

စိတ်ဖိစီးမှုဆိုတာ လူတိုင်းလူတိုင်းမှာ ရှိတတ်တဲ့အရာတစ်ခုပါ။ အနည်းနဲ့အများသာ ကွာသွားပေမယ့် စိတ်ဖိစီးမှုနဲ့ ကင်းတဲ့သူဆိုတာတော့ မရှိနိုင်ပါဘူး။ ဒါကြောင့် မကြိုဆိုလဲ ဝင်လာတတ်တဲ့ နေ့စဉ်ဘဝစိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့ တရားထိုင်ခြင်းက ကူညီပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန်တရားထိုင်ခြင်းက စိတ်ရဲ့တည်ငြိမ်အေးချမ်းမှုကို ရရှိစေပြီး စိတ်ဖိစီးမှုနည်းစေမှာဖြစ်ပါတယ်။

(၂) အာရုံပြန့်လွင့်မှုနည်းစေတယ်

တရားထိုင်ခြင်းဟာ စိတ်အာရုံပြန့်လွင့်မှုကို အကောင်းဆုံးပြန်လည်စုစည်းပေးနိုင်ပြီး အာရုံစူးစိုက်မှု ပိုကောင်းစေပါတယ်။ ပုံမှန်အားဖြင့်တော့ သင့်ရဲ့အတွေးတွေ ၊ စိတ်အာရုံတွေဟာ တည်ငြိမ်မှုမရှိပဲ ပြန့်လွင့်နေတက်တာဖြစ်ပါတယ်။ ဒီလို စိတ်အာရုံပြန့်လွင့်ခြင်းဟာ နေ့စဉ်ကိုယ်အာရုံစိုက်ထားရမယ့် အလုပ်တွေအပေါ် ထိခိုက်စေနိုင်ပါတယ်။ မိနစ်အနည်းငယ်လောက် တရားထိုင်ပေးခြင်းဖြင့် စိတ်အာရုံပြန့်လွင့်မှုကို ထိန်းချုပ်လာနိုင်ပြီး ကိုယ့်ဘဝရဲ့လက်ရှိအချိန်တွေကို အာရုံပိုစိုက်လာနိုင်မှာဖြစ်ပါတယ်။

(၃) ဆုံးဖြတ်ချက်မှန်ကန်စေတယ်

စိတ်ခံစားမှုနောက်လိုက်ပြီး မှားတတ်တဲ့ ဆုံးဖြတ်ချက်အမှားတွေက လူတိုင်းရဲ့နေ့စဉ်ဘဝမှာ လုပ်မိတတ်တဲ့ အချင်းအရာတွေပဲဖြစ်ပါတယ်။ နေ့တိုင်းပုံမှန်တရားထိုင်ပေးမယ်ဆိုရင်တော့ ဒီလိုဆုံးဖြတ်ချက်အမှားတွေကို သိသိသာသာ နည်းသွားစေမှာပါ။ ဘာကြောင့်လဲဆိုရင် တရာထိုင်ခြင်းက စိတ်ခံစားမှုနဲ့အတွေးတွေကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် စဉ်းစားခြင့်ချိန်နိုင်မှုစွမ်းရည် တိုးတက်လာစေပြီး စိတ်ခံစားမှုကြောင့် ရုတ်တရက်ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးဖြတ်ချက်အမှားတွေ နည်းသွားစေမှာဖြစ်ပါတယ်။

(၄) ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေတယ်

သိပ္ပံနည်းကျလေ့လာမှုတွေအရ တရားထိုင်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာမှာလည်း ကောင်းကျိုးတွေ ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ အသိသာအထင်ရှားဆုံး အကျိုးကျေးဇူးတစ်ခုကတော့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးတာပါပဲ။ နောက်ပြီး နှလုံးခုန်နှုန်းကို တိုးတက်ကောင်းမွန်စေတဲ့အပြင် သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် နေ့စဉ်တရားထိုင်မယ်ဆိုရင် စိတ်ရောကိုယ်ပါကျန်းမာလာပြီး နုပျိုလန်းဆန်းခြင်းတွေကို ခံစားရစေမှာဖြစ်ပါတယ်။