သင်က သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်လမ်း (Horror Movie) တွေ ကြည့်ရတာကြိုက်တဲ့သူတစ်ယောက်လား။ ကြောက်စရာရုပ်ရှင်ဇာတ်လမ်းတွေက ကြည့်တဲ့သူတွေကို စိတ်ဖိစီးမှုဖြစ်စေတယ်ဆိုပေမယ့် ဘာလို့ လူကြိုက်များရတာလဲဆိုတဲ့ အချက်တွေရှိနေပါတယ်။

တကယ်တော့ Horror Movie တွေကြည့်တာက စိတ်ဖိစီးမှုဖြစ်စေတယ်ဆိုပေမယ့် ကောင်းတဲ့စိတ်ဖိစီးမှုကိုပဲ ဖြစ်စေတာပါ။ Horror Movie တွေကပေးတဲ့ တခြားကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။

(၁) ကယ်လိုရီကျစေတယ်

၂၀၁၂ခုနှစ်က လေ့လာမှုတခုအရ UK မှာရှိတဲ့ တက္ကသိုလ်တခုကသုတေသီတွေက လူတွေ Horror Movie တွကြည့်တဲ့အခါ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ရှူထုတ်မှုများတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းတာကို တွေ့ပါတယ်။

အသံထွက်အော်မိအောင် စိတ်လှုပ်ရှားရတဲ့ Horror ရုပ်ရှင်တကားကြည့်တာက မိနစ် ၄၀ ကြာလမ်းလျှောက်ပေးတာနဲ့ ညီမျှတယ်လို့တောင်ဆိုပါတယ်။

(၂) ကောင်းတဲ့ကြောက်လန့်မှုကိုဖြစ်စေတယ်

လူမှုဗေဒကျွမ်းကျင်သူတွေသုံးသပ်ချက်အရ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စွန့်စားခန်းတွေက လူတွေကိုကြောက်ရွံစေပေမယ့် စိတ်ခံစားချက်ကိုမြှင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။ လူတွေဟာ ကြောက်စရာအတွေ့အကြုံတခုနဲ့တွေ့ကြုံပြီးတဲ့အခါ ပိုသက်တောင့်သက်သာနဲ့ပျော်ရွှင်မှုကိုပိုခံစားရပါတယ်။

ဒါပေမယ့် ဒါက ကြောက်စိတ်ဖြစ်တာကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ပဲဖြစ်ပြီး သဘောမကျတဲ့သူတွေအတွက် မဟုတ်နိုင်ဘူးလို့ဆိုပါတယ်။

(၃) လူတွေနဲ့ ပိုရင်းနှီးစေတယ်

သဲထိတ်ရင်ဖိုရုပ်ရှင်တစ်ကား ကြည့်ပြီးသွားတဲ့အခါ အချင်းချင်းပိုရင်းနှီးသွားစေတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ လူတွေကြောက်တဲ့အခါ လူတွေရဲ့ခန္ဓာကိုယ်ကနေ ကိုယ့်ဘေးနားမှာရှိတဲ့လူတွေနဲ့ ပိုရင်းနှီးလာစေတဲ့ oxytocin ဓါတ်ကိုထုတ်လွှတ်ပေးပါတယ်။

ဒါဟာ လူတွေရဲ့ရှင်သန်မှုဆိုင်ရာဗီဇအရ ကိုယ့်ရဲ့ရှင်သန်မှုအတွက်တခြားသူတွေနဲ့ ဆက်သွယ်ရမယ်ဆိုတာကို အချက်ပြတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်သူစုံတွဲတွေ date လုပ်တဲ့အခါ အတူတူကြည့်သင့်တယ်လို့ အကြံပြုကြတာဖြစ်ပါတယ်။

(၄) စိုးရိမ်မှုတွေကို ကျော်လွှားဖို့ အကူအညီပေးတယ်

တကယ်လို့သင်က အမြင့်ကြောက်တဲ့လူတစ်ယောက်လား ဒါမှမဟုတ် ပင့်ကူကြောက်တဲ့လူတစ်ယောက်လား။ သင်ကြောက်တဲ့အရာတစ်ခုကို တမင်တကာရင်ဆိုင်ခြင်းက ကြောက်ရွံ့မှုကိုကျော်လွှားဖို့ ကူညီနိုင်ပါတယ်။ ဒါကို စိတ်ပညာရှင်တွေအသုံးပြုတဲ့ ထိတွေ့ကုထုံးလို့ခေါ်ပါတယ်။

ကိုယ့်ရဲ့ကြောက်ရွံ့မှုတွေကို ရင်ဆိုင်တာကစိတ်ဖိစီးမှုဖြစ်စေနိုင်ပေမယ့် ရင်ဆိုင်လိုက်တာက အများကြီးပိုကောင်းစေပါတယ်။ ဒါ့ကြောင့် Horror movie တွေကြည့်တာက သင့်ရဲ့စိုးရိမ်မှုတွေကိုကျော်လွှားဖို့ အကူအညီပေးကောင်းပေးနိုင်မှာပါ။