တချို့သောသူတွေဟာ အသားအရေထိန်းသိမ်းမှုနဲ့ ပတ်သတ်ရင် အမျိုးသမီးအများစုလို တကူးတက အချိန်ပေးပြီး အဆင့်ဆင့်ပြုလုပ်ရတဲ့ နည်းတွေကို များသောအားဖြင့် စိတ်မရှည်ကြပါဘူး။ ဒီအတွက်ကြောင့် လွယ်ကူရိုးရှင်းပြီး အသားအရေအတွက် ထိထိရောက်ရောက် အကျိုးပြုနိုင်မယ့် ဆေးကောင်းကြီးတစ်ခွက်ကို ညွှန်းပေးချင်ပါတယ်။ ဒါကတော့ ရေခဲတုံးပါပဲ။

စိတ်ဖိစီးမှုတွေများပြီး ပင်ပန်းတဲ့တစ်နေ့တာကို ဖြတ်သန်းပြီးချိန်မှာ မျက်နှာအသားအရေ ကို ရေခဲတုံးနဲ့ ပွတ်ပေးတာဟာ အသားအရေကို သိသိသာသာ လန်းဆန်းစေပြီး သွေးလှည့်ပတ်မှု ကောင်းစေကာ ကြည်လင်ဝင်းပတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။

“Ice Facial” လို့ခေါ်တဲ့ အသားအရေး ထိန်းသိမ်းမှု နည်းစနစ်အသစ်ဟာ လက်ရှိ ကိုရီးယားနိုင်ငံမှာ ခေတ်စားနေတဲ့ Beauty Trend တစ်ခု ဖြစ်ပါတယ်။ မျက်နှာအသားအရေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲ ရှိနေပါစေ ရေခဲတုံးကို အသုံးပြုပြီး ပွတ်ပေးရုံနဲ့ အံအားသင့်ဖွယ်ရာ အကျိုးရလဒ်များစွာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကဲဒါဆို မျက်နှာအသားအရေကို ရေခဲတုံးနဲ့ ပွတ်ပေးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေ ရစေမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) အသားအရေကို Glow စေတယ်

မျက်နှာအသားအရေလေးဟာ စိုစိုပြေပြေနဲ့ ကြည်လင်ဝင်းပနေတာမျိုး လူတိုင်းလိုချင်ကြပါတယ်။ ဒီလိုသဘာဝအတိုင်း Glow နေတဲ့ မျက်နှာ အသားအရေလေးကို ရေခဲတုံးနဲ့ ပွတ်တိုက်နှိပ်နယ်ပေးရုံနဲ့ ရနိုင်ပါတယ်။

ရေခဲတုံးနဲ့ ပွတ်တာဟာ အရေပြားတလျှောက်က သွေးကြောမျှဉ်လေးတွေရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး အသားအရေကို သဘာဝအတိုင်း ကြည်လင်တောက်ပလာစေမှာ ဖြစ်ပါတယ်။

(၂) Skin Care ထုတ်ကုန်တွေကို စုပ်ယူမှုအားကောင်းစေတယ်

အကယ်၍ သင်က ပုံမှန် Skin Care ပစ္စည်းတွေ သုံးနေကျသူတစ်ဦးဆိုရင် ရေခဲတုံးနဲ့ ပွတ်တာဟာ ပိုပြီး ထူခြားတဲ့ အကျိုးအာနိသင်ကို ရစေမှာပါ။ ဘာလို့ဆို အသားအရေကို ရေခဲတုံးနဲ့ ပွတ်ပေးခြင်းဟာ ကိုယ်လိမ်းလိုက်တဲ့ Skin Care ထုတ်ကုန်တွေကို အရေပြားကနေ ပိုပြီး မြန်ဆန်ထိရောက်စွာ စုပ်ယူနိုင်စေလို့ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာနဲ့ လည်ပင်းတဝိုက်က အရေးပြားကို ပုံမှန်အသားအရေထိန်းသိမ်းမှု ထုတ်ကုန်တွေ လိမ်းပြီးပြီဆိုတာနဲ့ ရေခဲတုံးနဲ့ မိနစ်အနည်းငယ်လောက် ပွတ်ပေးနိုင်ပါတယ်။

(၃) မျက်ကွင်းညိုခြင်းကို သက်သာစေတယ်

ရေခဲတုံးကို အသုံးပြုပြီး မျက်နှာပေါ်က ကြည့်ရဆိုးတဲ့ ပန်ဒါမျက်ဝန်းတစ်စုံကို သက်သာအောင်ပြုလုပ်နိုင်ပါတယ်။ လုပ်ရမှာ Rose Water အနည်းငယ်ကို ကျိုပြီး သခွားသီးကို ကြိတ်ထားတဲ့အရည်နဲ့ ရောစပ်ကာ ရေခဲသေတ္တာထဲမှာ အေးခဲထားပါ။ ရလာတဲ့ ရေခဲတုံးကို မျက်လုံးတဝိုက်က ညိုမဲနေတဲ့ အရေပြားကို ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

နေ့ချင်းညချင်းတော့ သိသာတဲ့ ရလဒ်ကို ရမှာမဟုတ်ပေမယ့် တစ်ပတ်ကို ၃ ရက်လောက် ပြုလုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုခြင်းကို သိသိသာသာ သက်သာလာစေမှာ ဖြစ်ပါတယ်။

(၄) ဝက်ခြံတွေကို သက်သာစေတယ်

မျက်နှာပေါ်က ဝက်ခြံတွေကို ဘယ်ဆေးမှမတိုးလို့ စိတ်ပျက်နေပြီဆိုရင်တော့ ရေခဲတုံးရဲ့ မှော်အစွမ်းကို သုံးကြည့်ဖို့ ညွှန်းချင်ပါတယ်။ မျက်နှာအသားအရေ ကို ရေခဲတုံး အသုံးပြုပြီး ပွတ်ပေးခြင်းဟာ အရေပြားပေါ်က အဆီထုတ်လုပ်မှုကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်ရတဲ့ အဖုအပိန့်နဲ့ ရောင်ရမ်းခြင်းတွေကို ပျောက်ကင်းသက်သာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

(၅) ချွေးပေါက်တွေကို ကျဉ်းစေတယ်

မျက်နှာမှာ သဘာဝအဆီနဲ့ ချွေးစက်လေးတွေကို ထုတ်ပေးတဲ့ ချွေးပေါက်တွေ ရှိပါတယ်။ ဒီချွေးပေါက်တွေထဲမှာ ဖုန်နဲ့အညစ်အကြေးတွေ စုပုံလာရင် ဝက်ခြံတွေကိုစပြီး ဖြစ်စေပါတယ်။ ဒီအတွက် နည်းလမ်းကတော့ မျက်နှာကို သုံးနေကျ မျက်နှာသစ်ဆေးနဲ့ ဆေးကြောသန့်စင်ပြီးတာနဲ့ မျက်နှာပေါ်ကို ရေခဲတုံးလေးနဲ့ ပွတ်ပေးလိုက်ပါ။

ချွေးပေါက်တွေကို ကျဉ်းစေတဲ့အပြင် ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေ ကို သန့်ရှင်းစင်ကြယ်စေပါတယ်။

(၆) အရေးအကြောင်းတွေကို သက်သာစေတယ်

အသက်အရွယ်ကို နောက်ပြန်မလှည့်နိုင်ပေမယ့်လည်း အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ မျက်နှာပေါ်ကို ရေခဲတုံး နဲ့ပွတ်လိမ်းပေးခြင်းဟာ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို ထိန်းညှိပေးပြီး နုပျိုလန်းဆန်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

(၇) အပူဖုများကို သက်သာစေတယ်

ရေခဲတုံးဟာ အပူကြောင့် ဖြစ်ပေါ်လာတဲ့ အဖုအပိန့်တွေကို ထိထိရောက်ရောက် သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးတစ်လက် ဖြစ်ပါတယ်။ ရေခဲတုံးကို သန့်စင်တဲ့ အဝတ်ပါး သို့မဟုတ် ဂွမ်းစထဲမှာ ထုပ်ပြီး အဖုအပိန့်တွေရှိတဲ့ နေရာတဝိုက်ကို ပွတ်ပေးပါ။ ဒါက ရောင်ရမ်းမှုကို သက်သာစေပြီး အပူဖုတွေကို သက်သာပျောက်ကင်းစေပါတယ်။