Zumba ဆိုတာ ဒီဘက်ခေတ်မှာ လူကြိုက်များခေတ်စားလာတဲ့ အားကစားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပျော်စရာကောင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက်ကောင်းမွန်တဲ့ ကျန်းမာရေးအကျိုး သက်ရောက်မှုတွေများစွာရှိတဲ့ ကစားနည်းတစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် Zumba ကစားနည်းကို မသိသေးသူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရစေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ပျော်စရာကောင်းတယ်

Zumba ကိုလူကြိုက်များစေတဲ့အဓိကအချက်တစ်ခုက ပျော်စရာကောင်းလို့ဖြစ်ပါတယ်။ Zumba လေ့ကျင့်ခန်းက သီချင်းသံမြူးမြူးကြွကြွလေးတွေအနဲ့ အတူကခုန်ရတဲ့ အကလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး လူအများနဲ့ ကစားရတဲ့အတွက် ပျော်ရွှင်မှုကို ခံစားရရှိစေပါတယ်။

ဝိတ်ကျစေတယ်

Zumba လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန်ကျချင်သူတွေအတွက် အလွန်သင့်တော်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ တစ်နာရီ ကစားရုံနဲ့ ကယ်လိုရီ ၆၀၀ ကနေ ၁၀၀၀ အထိလောင်ကျွမ်းစေမှာဖြစ်ပါတယ်။

နှလုံးကျန်းမာစေတယ်

ကခုန်ခြင်းဟာ နှလုံးခုန်နှုန်းကိုမြင့်တက်စေပြီး နှလုံးကျန်းမာရေးကို ကောင်းစွာအကျိုးသက်ရောက်မှုရှိစေပါတယ်။ ဒါတင်မကသေးပါဘူး အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း ကောင်းမွန်စေပြီး နှလုံးကျန်းမာစေမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုလျော့ကျစေတယ်

သီချင်းသံမြူးမြူးကြွကြွလေးတွေနဲ့ ကခုန်းခြင်းက စိတ်ဖိစီးမှုကို အလျင်အမြန်ဆုံးလျော့ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်းကိုသာမက စိတ်ပင်ပန်းမှုတွေကိုပါသက်သာစေပြီး ကောင်းမွန်တဲ့စိတ်ခံစားမှုကိုရရှိစေမှာပါ။

ကိုယ်နေဟန်ထားမှန်ကန်စေတယ်

Zumba လေ့ကျင့်ခန်းဟာ သင့်ရဲ့ လက်တွေ ခြေထောက်တွေကို စည်းချက်ညီညီရွေ့လျားကခုန်ရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ရွေ့လျားမှုကိုကောင်းစွာဟန်ချက်ထိန်းနိုင်ပြီး ကိုယ်နေဟန်ထားမှန်ကန်လာအောင်ပြုပြင်ပေးမှာဖြစ်ပါတယ်။ အရင်ကထက်လည်း ခန္ဓာကိုယ်လှုပ်ရှားရတာပိုမိုပေါ့ပါးသွက်လက်လာပြီး သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။