ရည်စားမရှိတဲ့ဘဝက အားသာချက်တွေအများကြီးရှိတယ်ဆိုတာ တော်တော်များများက သိလျက်နဲ့ မေ့ထားကြတာပါ။ RS တွေဘဝကရော အားသာချက်တွေမရှိဘူးလားဆိုရင်တော့ မဟုတ်ပါဘူး။ RS မှာလည်း ကောင်းကွက်ဆိုးကွက်လေးတွေတော့ ရှိပါတယ်။ ဒါပေမယ့်အခုပြောပြမယ့် အားသာချက်တွေကတော့ Single ဘဝ ပိုင်ဆိုင်ထားသူတွေသာရနိုင်မှာပါ။

(၁) အနှောင်အဖွဲ့ကင်းတယ်

အပြင်သွားရင် အသိပေးရတာမျိုး သူငယ်ချင်းတွေနဲ့ Night Out ထွက်မိလို့ စိတ်ဆိုးခံရတာမျိုးတွေ Single ဘဝမှာမရှိပါဘူး။ Single တစ်ယောက်အတွက် ကိုယ့်သဘောကိုယ်ဆန္ဒက နံပါတ်တစ်ပါပဲ။ ဒါကြောင့် ဘာပဲလုပ်လုပ် အနှောင်အဖွဲ့ကင်းကင်းနဲ့လုပ်နိုင်ပါတယ်။

(၂) အားလပ်ချိန်ပိုရတယ်

Single ဖြစ်တဲ့အတွက် ဖုန်းပြောနေရတဲ့အချိန်တွေ လိုင်းပေါ်မှာစကားပြောနေရချိန်တွေ ကျောင်းပို့ကျောင်းကြို ရုံးပို့ရုံးကြိုလုပ်ရတာတွေ စတဲ့အရာတွေအတွက် အချိန်ကုန်စရာမလိုတော့ပါဘူး။ ကိုယ့်ရဲ့ အားလပ်ချိန်တိုင်းက ကိုယ့်အတွက်ပါပဲ။ အားလပ်ချိန်မှာ ဂိမ်းဆော့နေမလား အိပ်နေမလား စိတ်ထဲရှိတဲ့အတိုင်း ဖြတ်သန်းလို့ရပါတယ်။

(၃) အကုန်ကျသက်သာတယ်

ရည်းစားထားပြီဆိုကတည်းက သွားတာလာတာ စားတာသောက်တာနဲ့ လက်ဆောင်ပေးပြီး မျက်နှာလုပ်ရတာတွေအတွက် ကုန်ကျစရိတ်ဆိုတာရှိပါတယ်။ Single တစ်ယောက်အတွက်တော့ ကိုယ်ရှာတဲ့ငွေက ကိုယ့်ရဲ့ငွေပါပဲ။ အပိုထွက်ငွေမရှိပဲ ကိုယ်တိုင်ချွေတာမယ်ဆိုရင် အချိန်ကြာလာတာနဲ့ နောင်ရေးအတွက် စုမိဆောင်းမိဖြစ်လာနိုင်ပါတယ်။

(၄) မိတ်ဆွေတိုးစေတယ်

Single တစ်ယောက်အတွက် ယောကျာ်းလေး မိန်းကလေးခွဲခြားစရာမလိုပဲ သူငယ်ချင်းမိတ်ဆွေဖွဲ့နိုင်ပါတယ်။ ကိုယ့်မှာ ယောကျ်ားလေးသူငယ်ချင်း အယောက် ၁၀၀ ရှိလဲ ကိစ္စမရှိပါဘူး။ RS ဘဝမှာလို ဘယ်က သူငယ်ချင်းလဲ ဘယ်တုန်းက ခင်တာလဲ ဘာလဲညာလဲဆိုတဲ့ စစ်ဆေးမေးမြန်းမှုတွေ သဝန်တိုစွပ်စွဲချက်တွေမရှိပဲ လွတ်လွတ်လပ်လပ် ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးတွေနဲ့ ဖြစ်ဖြစ် မိတ်ဆွေဖွဲ့နိုင်ပါတယ်။