အခုခေတ်မှာ အထူးသဖြင့်တော့ လူငယ်တော်တော်များများက အရမ်းနောက်ကျမှအိပ်ပြီး မနက်ဆိုလည်း နောက်ကျမှ ထကြတယ်။ တချို့ဆို မိုးလင်းခါနီးမှအိပ်ပြီး နေ့လည်ဘက်၊ ညနေဘက်မှ အိပ်ယာထတာမျိုးတွေတောင် ရှိပါတယ်။ ဒီလိုအလေ့အကျင့်မျိုးက တကယ်တော့ လုံးဝမကောင်းပါဘူး။ ကျန်းမာရေးအတွက်ကော၊ စိတ်ရောလူပါ ကျန်းမာပြီး အစအစအရာရာ အဆင်ပြေစေဖို့အတွက် ညဘက်စောစောအိပ်ပြီး မနက်ဆို စောစောထတာ အကောင်းဆုံးပါ။ ဒါဆိုရင် မနက်စောစောအိပ်ယာထပေးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်မလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်…..။

မနက်စောစောအိပ်ယာထတဲ့အခါမှာ ကိုယ်လုပ်စရာရှိတာတွေကို အေးဆေးလုပ်လို့ရမယ်။ အလုပ်သွား၊ ကျောင်းသွားရတဲ့သူတွေဆိုလည်း နောက်ကျတာမျိုး မရှိတော့ဘူး။ အိပ်ယာထနောက်ကျမှဆိုရင် အမြန်လုပ်ရတော့ ဟိုဟာမေ့ဒီဟာမေ့တွေလည်း ဖြစ်တတ်ပါသေးတယ်။

မနက်စောစောအိပ်ယာထပြီး သွေးပူလေ့ကျင့်ခန်းလုပ်၊ ရေစောစောချိုး၊ မနက်စာကို အာဟာရရှိတာလေးစားမယ်ဆိုရင် ကျန်းမာတဲ့ကိုယ်ခန္ဓာကို ရရှိစေမှာပါ။ ဝိတ်ကျချင်တဲ့သူတွေဆိုလည်း မနက်စောစောထ လေ့ကျင့်ခန်းလုပ်ပြီး အာဟာရရှိတာကို စားသောက်တာက ဝိတ်ကျစေဖို့ အများကြီး ကူညီပေးနိုင်ပါတယ်။

ညဘက်စောစောအိပ်ပြီး မနက်စောစောထတော့ စိတ်ရောလူပါ လန်းဆန်းတက်ကြွစေတာပေါ့။ မနက်စောစောထရင် အိပ်ရေးမဝဘူး၊ မလန်းဘူးဆိုတာ ညဘက်နောက်ကျမှ အိပ်လို့ပါ။ ညဘက်ကိုသာ စောစောအိပ်ရင် မနက်စောစောနိုးကိုနိုးပါတယ်။ ဒါ့အပြင် မနက်စောစောထတတ်တဲ့အကျင့်ရှိသွားရင် ပျင်းရိတဲ့အကျင့်လည်း လျော့သွားပါလိမ့်မယ်။

မနက်စောစောထပြီး ယောဂကျင့်တာ၊ တရားထိုင်တာမျိုးပါ လုပ်ပေးမယ်ဆိုရင်တော့ စိတ်ရောလူပါ လန်းဆန်းတက်ကြွစေရုံတင်မဟုတ်ပဲ စိတ်ရောလူပါ ပျော်ရွှင်စေတယ်။ စိတ်ကြည်လင်စေတယ်။ စိတ်တည်ငြိမ်စေတယ်။ အတွေးအခေါ်အသစ်တွေ ပေါ်စေပြီး ဉာဏ်ရည်လည်း ဖွံ့ဖြိုးတိုးတက်စေပါတယ်။

photo source: www.freepik.com