မနက်ပိုင်းစောစောထပြီး လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားနေတဲ့သူတွေရှိလား။ မနက်ခင်းအချိန်က နေ့တစ်နေ့ရဲ့ အဆုံးအဖြတ်ဖြစ်လို့ ဒီလိုအချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက တစ်နေ့လုံး စိတ်ရောကိုယ်ပါ ပေါ့ပါးပြီး အာရုံစိုက်ပိုစိုက်နိုင်စေပါတယ်။ နိုးတာနဲ့ လှုပ်လှုပ်ရှားရှားနေပေးလိုက်တဲ့အခါ ခန္ဓာကိုယ်က လေးလံနေတာမျိုး မရှိတော့ဘဲ တက်ကြွပြီး အားပိုရှိနေမှာပါ။ ဒါ့အပြင် အခြားအချိန်ထက် မနက်ပိုင်းလေ့ကျင့်ခန်းတွေက ကိုယ်တွင်းအဆီကို ပိုချေဖျက်ပေးလို့ ထိထိရောက်ရောက် အဆီကျချင်သူတွေအတွက် ကွက်တိပါပဲ။ ဒီလိုကောင်းကျိုးတွေကြောင့် မနက်ပိုင်းလေ့ကျင့်ခန်းလုပ်မယ့်သူတွေအတွက် ထိရောက်တဲ့ အဆီကျလေ့ကျင့်ခန်း (၅) မျိုးကို ဖော်ပြပေးပါရစေ။ ဒီလေ့ကျင့်ခန်းတွေမလုပ်ခင်နဲ့ လုပ်ပြီးအချိန်တွေမှာ အကြော့လျှော့ပေးဖို့ကိုတော့ မမေ့ပါနဲ့နော်။

Jumping Jacksလက်နဲ့ခြေထောက်တွေကားပြီး ထပ်ခါထပ်ခါခုန်ပေးရတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ တစ်ကိုယ်လုံးအားပြုပြီး လုပ်ရတာမို့ ကယ်လိုရီများများလောင်ကျွမ်းပြီး အဆီကျစေမှာပါ။ မနက်ခင်းမှာ စက္ကန့် ၃၀ နှစ်ကြော့နဲ့ တစ်မိနစ်ခန့်ရအောင် လုပ်ပေးရပါမယ်။

High Knees


တစ်နေရာထဲမှာပြေးနေသလို ခြေထောက်နှစ်ဖက်ကို ဒူးထောင်ပြီး ခုန်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် ၃၀ ခန့်ရအောင် ခပ်သွက်သွက်လေး ခုန်ပေးပါနော်။

Burpees

ဒီလေ့ကျင့်ခန်းကလည်း လုပ်ရအနည်းငယ်ခက်ပေမယ့် လုပ်နိုင်လေ ဝိတ်ကျလေပါပဲနော်။ သူ့ကိုတော့ ဒိုက်ထိုးသလို ခန္ဓာကိုယ်မှောက်ချပြီး လက်နှစ်ဖက်ထောက်ကာ ခြေထောက်တွေကိုလည်း နောက်ပြစ်ပြီး အမြန်ပြန်ထလိုက် ပြန်ထောက်လိုက် လုပ်ပေးရမှာပါ။ လက်မြှောက်လိုက်ပြီးမှ ထောက်ကာ ခပ်သွက်သွက်လေး ထပေးရပါမယ်။ စက္ကန့် ၃၀ နှစ်ကြော့ခန့် ပြုလုပ်ပေးပါနော်။

Mountain Climbers


ဗိုက်မှာအဆီရှိသူတွေအတွက် ထိရောက်တဲ့ ဒီလေ့ကျင့်ခန်းကိုတော့ လက်ထောက်ကာ မှောက်ပြီးတောင်တက်တဲ့ ပုံစံ ဒူးအကွေးအဆန့် ခပ်မြန်မြန်လုပ်ပေးရမှာပါ။ သူ့ကိုလည်း စက္ကန့် ၃၀ နှစ်ကြော့ ပြုလုပ်ပေးဖို့လိုပါတယ်။

Plank


Plank ထောက်ပေးတာကလည်း သင့်တစ်ကိုယ်လုံးက အဆီတွေလောင်ကျွမ်းစေတာမို့ မနက်ခင်းမှာ ကိုယ်ထောက်နိုင်သလောက် ၁၅ စက္ကန့်မှ တစ်မိနစ်ကြား လုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar