လူတိုင်း ကြင်ကြင်နာနာနဲ့ ပွေ့ဖက်ခဲ့ဖူးကြမှာပါ။ ချစ်သူအချင်းချင်းကိုမှဆိုလိုတာမဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်း မိဘတွေနဲ့ ညီအစ်ကိုမောင်နှမအချင်းချင်းလည်းပါပါတယ်။ ကျွန်မတို့ လူသားတိုင်း ပွေ့ဖက်ဖူးကြသလို ပွေ့ဖက်ခံဖူးကြပါတယ်။

ကိုယ်က လူတစ်ယောက်ကို ပွေ့ဖက်လိုက်တာပဲဖြစ်ဖြစ် လူတစ်ယောက်က ကိုယ့်ကို လာပြီးဖက်လိုက်တာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ရင်ထဲမှာ တစ်ခုခုတော့ ခံစားရတာသေချာပါတယ်။ ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခုနဲ့ ရင်ထဲမှာနွေးပြီးကျန်ခဲ့တာပါ။ လေ့လာတွေ့ရှိချက်အရတော့ ဒီလိုပွေ့ဖက်ပေးတာဟာ အကျိုးကျေးဇူးများစွာရှိနေပါတယ်။

ပွေ့ဖက်ပေးခြင်းရဲ့ အကျိုးကျေးဇူး

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အခုလို တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ခြင်းအားဖြင့် ခန္တာကိုယ်ကနေ Oxytocin ဆိုတဲ့ ဓါတ်ထုတ်ပေးပါတယ်။ အဲဒီဓါတ်ဟာ ကိုယ့်ကို ပျော်ရွှင်စေပြီး စိတ်ဖိစီးမှုပြေပျောက်စေသလို စိုးရိမ်သောကဖြစ်ခြင်းကိုလည်း သက်သာစေပါတယ်။

ကိုယ်စိတ်ညစ်နေတဲ့အချိန် စိတ်ဓါတ်ကျနေတဲ့အချိန် တစ်ယောက်ယောက်က ကိုယ့်ကို လာပြီးပွေ့ဖက်နှစ်သိမ့်ပေးတာမျိုး ကြုံဖူးကြမှာပါ။ အဲဒီအခါ ကိုယ့်ကိုကိုယ် အားရှိသွားတယ်လို့ခံစားရပြီး စိတ်ခံစားချက်ပိုကောင်းမွန်လာပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်တစ်ခုမှာတော့ ပွေ့ဖက်ပေးတာဟာ အဖျားကျစေတယ်လို့ ဖော်ပြထားပါတယ်။

စိတ်ဓါတ်ကျခြင်းကြောင့် နေထိုင်မကောင်းဖြစ်တာတွေအတွက် ပွေ့ဖက်ပေးခြင်းဟာ အကောင်းဆုံးဆေးတစ်လက်ပါပဲ။ ပွေ့ဖက်ပေးလိုက်တာဟာ လူကိုနွေးထွေးစေတယ်။ အားငယ်စိတ်ကို သက်သာစေတယ်။ ကြောက်စိတ်လွှင့်ပျယ်စေတယ်။ ခွန်အားအပြည့်ရှိစေပါတယ်။ ဒါ့ကြောင့် ပွေ့ဖက်ပေးတာဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိနေပါတယ်။

ကျွန်မတို့ချစ်တဲ့သူတွေကို ပိုမိုပွေ့ဖက်ပေးလိုက်ရအောင်ပါ။

Featured Image Source: Freepik