အလှအပရေးရာအတွက် ပျားရည်က သဘာဝတရားကြီးက ပေးစွမ်းထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်မွန်တစ်ခုပါပဲ့။ ပျားရည်မှာ ရေဓာတ်နည်းနည်းလေးပဲ ပါဝင်ပေမဲ့ လေနဲ့ထိတွေ့လိုက်တဲ့အခါမှာတော့ အစိုဓာတ်ရရှိသွားတာကြောင့် ခြောက်သွေ့တဲ့အသားအရေမှာ လိမ်းကျံပေးလိုက်မယ်ဆိုရင်တော့ အသားအရေ စိုပြေဝင်းပသွားတာကို ရရှိခံစားရမှာပဲ့ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာအနာတရတို့ကိုလည်း အကျက်မြန်စေပါတယ်နော်။

ကဲ…ဒီလိုကောင်းကျိုးမြောက်များစွာရှိတဲ့ ပျားရည်ကို ခေါင်းအစခြေအဆုံးလှပနေဖို့အတွက် ဘယ်လိုအကျိုးရှိရှိ အသုံးချနိုင်သေးသလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

ဆံပင်ပျော့ဆေး

ဆံပင်တွေက ပျော့ပျောင်းမနေဘဲ ကြမ်းတမ်းနေမယ်ဆိုရင်တော့ စိတ်ညစ်စရာကိစ္စရပ်တစ်ခုပါပဲ။ ဆံပင်တွေ ပြန်လည်နူးညံ့ပျော့ပျောင်းချင်တယ်ဆိုရင် ပျားရည် နှစ်ဆနဲ့ သံလွင်ဆီ လေးဆကို ရောနှောပြီး နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပါ။ ထို့နောက် ဆံကေသာနဲ့ ဦးရေပြားပေါ် သုတ်လိမ်းပြီး ပုဝါလေးပတ်ထားလိုက်ပါ။ မိနစ် ၃၀ လောက်ကြာမှ ရေအေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

မိတ်ကပ်ဖျက်ဆေး

မိတ်ကပ်ဖျက်ဆေးကုန်သွားတာကို သတိမရဘဲ အသစ်ဝယ်ဖို့ မေ့သွားတယ်ဆိုရင်တော့ ပျားရည်ကို သဘာဝမိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါတို့ကို အချိုးတူ ရောစပ်လိုက်ပါ။ ထို့နောက် Tea Tree Oil တစ်စက် နှစ်စက်ခန့် ထပ်ထည့်လိုက်ပါ။ အဝတ်စ နွေးနွေးလေးကို ထိုအရောအနှောထဲ ဆွတ်ပေးလိုက်ပြီးနောက် မျက်နှာပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် သုတ်လိမ်းပေးလိုက်ပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

နှုတ်ခမ်းသားလေး နူးညံ့စိုပြေစေဖို့

နှုတ်ခမ်းခြောက်သွေ့ခြင်းမှ ကင်းဝေးစေပြီး နူးညံ့စိုပြေစေဖို့အတွက်ဆိုရင် ပျားဖယောင်း၊ သံလွင်ဆီနဲ့ ပျားရည်တို့ လိုအပ်ပါမယ်။ ပျားဖယောင်းနွေးနွေးလေး ၁ ဆ နဲ့ သံလွင်ဆီ ၃ ဆတို့ကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းထပ်မံပေါင်းထည့်ပေးလိုက်ပါ။ ပြီးသွားတာနဲ့ နှုတ်ခမ်းမှာ သုတ်လိမ်းပေးလိုက်လို့ ရပါပြီ။

လက်သည်းခွံ၊ ခြေသည်းခွံလေးတွေ လှပဖို့အတွက် အားဖြည့်ပေးခြင်း

သင့် လက်သည်း၊ ခြေသည်းလေးတွေက ဝါကျဉ်ကျဉ်ဖြစ်ပြီး ကျိုးလွယ် ပဲ့လွယ်လို့ စိတ်ညစ်နေပါသလား။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပန်းသီးရှာလကာရည် ၆၀ မီလီလီတာတို့ကို ရောနှောလိုက်ပါ။ သင့်ရဲ့လက်သည်းခွံလေးတွေကို ထိုအရည်ထဲ ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် လက်သည်းခွံလေးတွေလည်း လှပလာမှာပဲဖြစ်ပါတယ်။

ခံတွင်းအနံ့ဆိုးများကို ဖယ်ရှားပေးခြင်း

ခံတွင်း အနံ့အသက်ဆိုးရွားရင် လူကြားထဲမှာ သွားလာရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့စေပါတယ်။ ရေ ၆၀ မီလီလီတာ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ၃ မိနစ်ခန့် ပလုတ်ကျင်းပေးလိုက်ပါ။ တစ်နေ့တာလုံး ခံတွင်းနံ့သင်းသင်းလေး မွှေးပျံ့နေမှာပဲဖြစ်ပါတယ်။

မျက်နှာပေါင်းတင်ဆေး

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် လက်ချောင်းလေးများဖြင့် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်မှာ ညင်ညင်သာသာလေး ပွတ်လိမ်းပေးလိုက်ပါ။ အသားထဲ စိမ့်ဝင်သွားဖို့အတွက် မျက်နှာပေါ်မှာ မိနစ် ၂၀ ခန့် ထားထားလိုက်ပါ။ အချိန်ပြည့်မှ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

ပျားရည်က ဝက်ခြံနဲ့ တင်းတိပ်၊ အမည်းစက်များပျောက်ကင်းစေပြီး အုန်းဆီကတော့ အရေပြား ယားယံခြင်းကို သက်သာစေပြီး အရေအကြောင်းတွေကို ဖယ်ရှားပေးတဲ့အပြင် အသားအရေ ခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ ထိုပါဝင်ပစ္စည်း နှစ်မျိုး ပေါင်းစပ်သွားတဲ့အခါမှာတော့ အသားအရေက တကယ့်ကို နူးညံ့ပျော့ပျောင်းပြီး ကြည်လင်သွားမှာပဲဖြစ်ပါတယ်။