Pilates လေ့ကျင့်ခန်းက အခုနောက်ပိုင်း မိန်းကလေးတွေကြားမှာ ရေပန်းစားလာတဲ့ လေ့ကျင့်ခန်း တစ်မျိုး ဖြစ်ပါတယ်။ နာမည်ကျော် အမျိုးသမီးတွေ ဖြစ်တဲ့ Kendall Jenner, Lady Gaga, Blackpink အဖွဲ့ဝင် Jennie Kim စတဲ့ နာမည်ကျော်တွေက Pilates ကို ပုံမှန်လုပ်လေ့ရှိပြီး ဒီလေ့ကျင့်ခန်းကို အကြိုက်ဆုံးလို့ ပြောလေ့ရှိကြပါတယ်။ ဒီ နာမည်ကျော်တွေကနေတဆင့် မိန်းကလေးတွေဟာ Pilates လေ့ကျင့်ခန်းတွေကို စိတ်ဝင်စားလာကြပါတော့တယ်။ Pilates လေ့ကျင့်ခန်းကိုတော့ ၂၀ ရာစုလောက်မှာ ဂျာမနီ လူမျိုး Joseph Pilates က တီထွင်ခဲ့တာ ဖြစ်ပြီး ထိခိုက်မှု သက်သာစေဖို့ ပြုလုပ်ထားတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို Yoga ဖျာပေါ် လေ့ကျင့်နိုင်သလို တခြား ပစ္စည်း အကူအညီတွေနဲ့ ကစားနိုင်ပါတယ်။

များသောအားဖြင့် Pilates လေ့ကျင့်ခန်းကို Studio မှာ ကိရိယာ အစုံနဲ့ လုပ်မယ်ဆိုရင်တော့ ကုန်ကျစရိတ်က Gym ဆော့တာထက် ပိုများလေ့ရှိပါတယ်။ အိမ်မှာလည်း ကိုယ်တိုင် Yoga ဖျာ ရှိရုံနဲ့ Pilates လေ့ကျင့်ခန်းကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့် ခန္ဓာကိုယ်ပုံစံ မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ Pilates လေ့ကျင့်ခန်း လုပ်ကြည့်ချင်တဲ့ ကောင်မလေးတွေအတွက် Pilates ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပါရစေ။

၁။ ကြွက်သား ကျစ်လာစေတယ်

သင်က Pilates ကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အဆီကျမယ့်အပြင် ကြွက်သားတွေပါ အရင်ထက် ကျစ်လစ် သန်မာလာပါလိမ့်မယ်။ ဗိုက်အဆီကျချင်သူတွေအနေနဲ့လည်း Pilates က ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းမို့ လုပ်ကြည့်သင့်ပါတယ်။

၂။ ခန္ဓာကိုယ် Shape ပိုပေါ်လာစေတယ်

Pilates လေ့ကျင့်ခန်းကို ပုံစံမှန်မှန်နဲ့ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က နဂိုထက် ပုံစံ ပိုပေါ်လာပါလိမ့်မယ်။ ခါးဆိုရင်လည်း အရင်ထက် ပိုကျစ်လစ်ကာ သေးပုံ ပေါ်လာစေပါတယ်။

၃။ ကိုယ်နေဟန်ထား မှန်စေတယ်

Pilates က Core Exercise ဖြစ်တာမို့ ငယ်ငယ်က ကျောပိုးအိတ် အလေးကြီးကြောင့် ခန္ဓာကိုယ် ပုံစံ မမှန်တဲ့ ကောင်မလေးတွေ လုပ်သင့်ပါတယ်။ ကိုယ်နေဟန်ထားကို မှန်ကန်စေဖို့ Pilates က ကူညီပေးနိုင်ပါတယ်။

၄။ Low Impact

Pilates က ကိုယ်နေဟန်ထားကို ဟန်ချက်ညီအောင် ပုံမှန် လေ့ကျင့်လာနိုင်မယ်ဆိုရင် အရမ်း မခက်ခဲတော့တဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ Weight Lifting လိုလည်း မခက်ဘဲ High Intensity Interval Training လောက်လည်း မခက်ခဲပါဘူး။

၅။ အဆစ်တွေ အတွက် သင့်တော်တယ်

အပေါ်က ပြောထားသလိုပဲ Pilates က Low Impact ဖြစ်တာမို့ အရိုးအဆစ် တွေအတွက် သင့်တော်ပါတယ်။ အဆစ်ကို အများကြီး နာကျင်စေတာမျိုး မဖြစ်စေဘဲ အကြောလျှော့တဲ့ လေ့ကျင့်ခန်းပုံစံ ဖြစ်တာမို့ ခန္ဓာကိုယ် ပိုပျော့ပြောင်းစေပါတယ်။

၆။ စိတ်ငြိမ်စေတယ်

Cardio လို ခုန်ရတဲ့ လေ့ကျင့်ခန်းပုံစံ မဟုတ်တာမို့ Pilates က သင့်ကို ပိုစိတ်ငြိမ်စေပါတယ်။ တချို့ Pilates Workout တွေမှာဆို အသက်ရှူတာကိုပါ အာရုံစိုက်ရတာတွေ ပါတာမို့ ပိုစိတ်ငြိမ်လာစေပါတယ်။

၇။ ကိုယ့်ခန္ဓာကိုယ် အကြောင်း ပိုသိစေတယ်

Pilates က အေးအေးဆေးဆေး လုပ်ရတဲ့ လေ့ကျင့်ခန်း ဖြစ်တာမို့ ကိုယ့်ခန္ဓာကိုယ်ကို ပိုအာရုံစိုက်ဖို့ အချိန်ရစေပါတယ်။ ဘယ်နားက ဘယ်လိုတောင့်နေလဲ၊ ဘယ်နေရာနားက အားနည်းလဲ စသဖြင့် ပိုသိနိုင်ပါတယ်။

၈။ စိန်ခေါ်မှု တစ်ခု

Low Impact ဖြစ်တာမို့ လွယ်မယ်လို့တော့ မထင်လိုက်ပါနဲ့။ လေ့ကျင့်ခန်း တစ်ခုတည်းကို ထပ်ခါ ထပ်ခါ လုပ်ရတာ၊ ခန္ဓာကိုယ် အားကို ပိုအားစိုက်ကာ ဟန်ချက်ထိန်းရတာမို့ သင့်အတွက် စိန်ခေါ်မှု ပေးနိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ Pilates က ပုံမှန် လုပ်ပေးနိုင်ရင် လုပ်ပေးသလို သင့်အတွက် အကျိုးများစွာ ရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar