အချို့လူတွေကတော့ စိတ်ရှုပ်စရာတွေ ပြေပျောက်သွားအောင် ဟာသကားလေးတွေ ကြည့်ကြတယ်၊ တချို့ကလည်း သီချင်းမြူးမြူးလေးတွေ နားထောင်ကြတယ်၊ တချို့ကျတော့ ခုန်ပေါက်မြူးတူးကခုန်လို့ရတဲ့ ပါတီပွဲတက်ကြတယ်။

စာဖတ်သူရော မိမိရဲ့စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ဘယ်လိုပြေပျောက်အောင် ပြုလုပ်လေ့ရှိပါသလဲ။ တကယ်လို့ သင်က ပါတီပျော်လေးဆိုရင်တော့ အခုဖော်ပြပေးမယ့် ကောင်းကျိုးလေးတွေ ရရှိနိုင်မှာပါ။

သူငယ်ချင်းအသစ်တွေရမယ်

ပါတီပွဲမှာ လူမျိုးစုံနဲ့ တွေ့ဆုံရမှာဖြစ်တဲ့အတွက် သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းအသစ်တွေရရှိမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကို တိုးချဲ့ရာလည်း ရောက်တာပေါ့။

လွတ်လပ်ပေါ့ပါးသလို ခံစားရတယ်

ပါတီပွဲတက်တဲ့အခါ ကိုယ့်ရဲ့စိတ်ညစ်စရာတွေ သယ်မသွားပါနဲ့။ စိတ်လွတ်လက်လွတ်သာ ပျော်ပါးလိုက်ပါ။ ကြားရက်တွေမှာ ပါတီပွဲတက်တာထက် သောကြာနေ့လို ညမျိုးမှာ ပါတီပွဲတက်ခြင်းက တစ်ပတ်တာလုံးခံစားနေရတဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ပြေပျောက်စေမှာပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်

ပါတီပွဲမှာ သီချင်းသံတွေနဲ့ စီးမြောကခုန်ခြင်းက သင့်ခန္ဓာကိုယ်အတွက်၊ သင့်နှလုံးကျန်းမာရေး၊ အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တကူးတကအချိန်ပေးပြီး လေ့ကျင့်ခန်းမပြုလုပ်နိုင်တဲ့အခါ ပါတီပွဲမှာ စိတ်လွတ်လက်လွတ်နဲ့ မိုင်ကုန်သာ ကခုန်လိုက်ပါ။

အစားအသောက် အသစ်အဆန်းမျိုးစုံကိုလည်း မြည်းစမ်းလို့ရပါတယ်

များသောအားဖြင့် ပါတီပွဲမှာ အစားအသောက်ဘားမျိုးစုံကို တည်ခင်းဧည့်ခံထားလေ့ရှိပါတယ်။ တချို့ပါတီတွေကတော့ ရိုးရာအစားအစာတွေနဲ့ တည်ခင်းဧည့်ခံလေ့ရှိပြီး တချို့ပါတီပွဲကတော့ အရသာရှိတဲ့အစားအသောက် အသစ်အဆန်းလေးတွေကို မြည်းစမ်းခွင့်ရအောင် တည်ခင်းဧည့်ခံထားပါတယ်။

အရေးကြီးဆုံးအချက်က ပါတီပွဲတက်တဲ့အခါ အစားအသောက်ယူစားရမှာ မရှက်ဖို့ပါပဲ။ အရှက်အကြောက်ကြီးနေလို့ကတော့ ပျော်စရာကောင်းတဲ့ပါတီပွဲ ဖြစ်မှာမဟုတ်တော့ပါဘူး။