သည်းထိတ်ရင်ဖို Horror Movies အများစုဟာ အသံရဲ့ခြောက်လှန့်မှု ၊ ကွန်ပြူတာ အထူးပြုချက်တွေနဲ့ မိတ်ကပ်ပညာရဲ့ အံ့မခန်း သရုပ်ဖော်ချက်တွေနဲ့အတူ ကြည့်ရှုသူတွေရဲ့ ရင်ခုန်သံစည်းချက်တွေကို မြန်ဆန်လာအောင် လှုံ့ဆော်ပေးလေ့ ရှိကြပါတယ်။

Horror Movies တွေထဲက အထူးဖန်တီးထားတဲ့ ဇာတ်ကောင်ကာရိုက်တာတွေဟာ ပီပြင်လွန်းတာကြောင့် ထိတ်လန့်ဖွယ်ရာ ခံစားမှုရသကို အပြည့်အဝ ပေးစွမ်းနိုင်ကြတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားတွေမှာ မြင်ရတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင် ကာရိုက်တာနဲ့ ပြင်ပဘဝကတော့ များစွာ ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်။

ဒီတစ်ခေါက် ဆောင်းပါးလေးမှာ ကြည့်ရှုသူတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ Horror Movies တွေထဲက ထိတ်လန့်ဖွယ်ရာ ဇာတ်ရုပ် တွေရဲ့ နောက်ကွယ်က ဘယ်သူတွေဖြစ်မလဲ ဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Bill Skarsgård

ဆွီဒင်မင်းသားချော Bill Skarsgård ဟာ The Divergent Series : Allegiant and Anna Karenina ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမယ့် ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ရုပ်ရှင်ဇာတ်ကားမှာ Pennywise အဖြစ် သရုပ်ဆောင်ပြီးနောက်ပိုင်းမှ ပိုပြီးလူသိများ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ Pennywise ဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်သွားခဲ့ပြီး ရိုက်ကူးရေးအတွင်း ရိုက်ကွင်းပေါ်က ကလေးတစ်ဝက်လောက် ကြောက်လန့်ပြီး ငိုခဲ့ကြရတဲ့အထိကို သရုပ်ဆောင်ကောင်းလွန်းခဲ့တာ ဖြစ်ပါတယ်။

(၂) Javier Botet

စပိန်မင်းသား Javier Botet ကို Special Effects Man လို့နာမည်ပြောင်ပေးထားကြပါတယ်။ အကြောင်းကတော့ သူဟာ တခြားဘယ်သူမှ သရုပ်မဆောင်နိုင်တဲ့ ဇာတ်ရုပ်တွေမှာ ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Mama ဇာတ်ကားမှာ ကွန်ပြူတာ အထူးပြုချက်တွေနဲ့ ကြောက်စရာကောင်းတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ပြီး Crimson Peak ၊ The Other Side Of The Door နဲ့ The Conjuring 2 စတဲ့ Horror Movies တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ REC ဇာတ်ကားမှာလည်း ထိတ်လန့်ဖွယ်ရာ ဖုတ်ကောင်ဇာတ်ရုပ်အဖြစ် အပီပြင်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

(၃) Delphine Chanéac

ပြင်သစ် မင်းသမီးချော ၊ မော်ဒယ် ၊ စာရေးဆရာမ Delphine Chanéac ကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Splice ဇာတ်ကားနဲ့အတူ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့သူ ဖြစ်ပါတယ်။

သူမဟာ Splice ဇာတ်ကားထဲမှာ Dren ဇာတ်ရုပ် အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်ပိုမို ပီပြင်ဖို့အတွက် ကတုံးအပြောင်ရိတ်ကာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

(၄) Bonnie Morgan

၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် Rings ဇာတ်ကားကတော့ Horror Movies ပရိသတ်တွေကြားမှာ မသိတဲ့သူ မရှိလောက်ကို နာမည်ကြီးပါတယ်။ ဒီဇာတ်ကားမှာ Samara အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Bonnie Morgan ဟာ အရင်က ခန္ဓာကိုယ်ပျော့ပြောင်းတဲ့ ကိုယ်ကာယအလှမယ် တစ်ဦးဖြစ်ခဲ့တာကြောင့် Samara ဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်ဒါရိုက်တာ Hideo Nakata ရိုက်ကူးတဲ့ The Ring Two ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမယ့် ပရိသတ်တွေတော့ သိပ်ပြီး သတိမထားမိခဲ့ ကြပါဘူး။

(၅) Xan Angelovich

မော်ဒယ် သရုပ်ဆောင် Xan Angelovich ကတော့ The Walking Dead ဇာတ်ကားမှာ သူမရဲ့ လှပတဲ့ မျက်နှာလေးနဲ့ လုံးလုံးဆန့်ကျင့်ဘက် ဖြစ်နေတဲ့ သွေးဆာနေတဲ့ ဖုတ်ကောင်ဇာတ်ရုပ် အဖြစ် အပီပြင်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

(၆) Jonathan Breck

အမေရိကန် မင်းသားချော Jonathan Breck ကို ရုပ်ရှင်နဲ့ ပြဇာတ်မင်းသားအဖြစ်သာမက ဒါရိုက်တာနဲ့ ထုတ်လုပ်သူအဖြစ်လည်း လူသိများပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်ကထွက်ခဲ့တဲ့ Jeepers Creepers ဇာတ်ကားမှာ The Creeper ဇာတ်ရုပ် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ရိုက်ကူးခဲ့ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို Dreamland ဇာတ်ကားကိုလည်း ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးခဲ့သူဖြစ်ပါတယ်။