သံသယ ဖြစ်တတ်တဲ့စိတ်ကြောင့် ဘဝရဲ့ ဘယ်အရွယ်အချိန်မဆို အဆိုးဖက်ကို ပြောင်းလဲသွားစေတတ်ပါတယ်။ ငယ်ငယ်တုန်းက ဘာမှမဟုတ်တဲ့ အဖြစ်အပျက်လေးတစ်ခုကြောင့်ပဲ တစ်ဘဝလုံးအတွက် သံသယစိတ်ဝင်သွားတတ်တာမျိုးပါ။ အဲဒီသံသယစိတ်ဟာ ကိုယ့်အစွမ်းအစကို ဖော်ထုတ်မယ့်အစား ငုတ်လျှိုးဖုံးကွယ်အောင် ပြုလုပ်ထားပါလိမ့်မယ်။ စိတ်ပျက်သွားဖို့ ဆိုလိုတာမဟုတ်ပါဘူး၊ အဲဒီစိတ်ထားကို ဖယ်ထုတ်ပစ်မယ့် နည်းလမ်းတွေကို ပြောပြပေးမလို့ပါ။

၁။ ကိုယ့်ကိုယ်ကို ဂရုဏာထားပါ။

ရှင်းပါရစေ။ ဆိုလိုတာက တစ်နေ့တစ်နေ့ လုပ်နိုင်ကိုင်နိုင် စားသောက်သွားလာနိုင်ဖို့ ကိုယ့်ခန္ဓာကိုယ်ကြီးက ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပါတယ်။ အဲဒီခန္ဓာကိုယ်ကြီးကို ကိုယ်က အကောင်းမြင်ခြင်းအားဖြင့် နေ့စဉ်အားဖြည့်နေဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကိုယ်စိတ်ကို ပြန်ပြီး စကားပြောတဲ့အခါမှာ ကိုယ့်ကိုယ်ကို အားမရတာမျိုးမဟုတ်ပဲနဲ့ ကိုယ်လုပ်နိုင်ခဲ့တဲ့အရာတွေကို အသိအမှတ်ပြုတာမျိုးဖြစ်စေချင်တာပါ။ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုတတ်တဲ့ အကျင့်ဟာ သေတဲ့အထိ ကောင်းတဲ့အကျင့် တစ်ခုဖြစ်လို့ပါပဲ။

၂။ တစ်ခါမှားတာနဲ့ အရှုံးမပေးလိုက်ပါနဲ့။

Source: lecafedufle.fr

တရုတ်သဌေးကြီး ဂျက်မားကို သတိရလိုက်ပါ။ ကျရှုံးလိုက်တာမှ အခါခါ။ အလုပ်လျှောက်တော့လည်း ၃၅ ယောက်ထဲက သူ့တစ်ယောက်ပဲ အလုပ်မရတာ။ တက္ကသိုလ်ဝင်ခွင့်လျှောက်တော့လည်း ဆယ်ကြိမ်လျှောက်ဆယ်ကြိမ်စလုံး အပယ်ခံထိ။ ဒါပေမယ့် အခုကြည့် ဒိတ်ဒိတ်ကြဲ အောင်မြင်လို့။ ဟယ်လင်ကဲလားကိုလည်း ကြည့်လိုက်ဦး။ ဘဝကံဆိုးတာလေးကြောင့်လို့ စဉ်းစားတွေဝေမနေပဲ ကြိုးစားသွားလိုက်တာ သမိုင်းစာမျက်နှာမှာ သူရဲကောင်းတစ်ယောက်၊ လမ်းပြကြယ်တစ်ယောက် ဖြစ်သွားတာပဲ။

ဒီတော့ ဘာတွေမှ စိတ်ပျက်အားငယ် သံသယတွေ ဖြစ်မနေပါနဲ့။ လုပ်စရာရှိတာ လုပ်ရမယ့်အရာတွေကို ဒေါင်ကျကျ ပြားကျကျ ထလုပ်လိုက်ဖို့သာ အဓိကကျတာပါ။

၃။ ကောင်းကျိုးမဖြစ်စေတဲ့ အလေ့အထတွေကို ဖျောက်ပစ်ပါ။

ကောင်းကျိုးမဖြစ်စေမှတော့ ဘာလို့ တွယ်တာနေစရာ ရှိသေးလဲ။ ကိုယ့်အချိန်နဲ့ ငွေကို အလွယ်တကူ ဖြုန်းမိစေတဲ့ အလေ့အထမျိုးကို ဆိုလိုတာပါ။ အဲဒီလို အလေ့အထမျိုးဟာ စွဲသွားပြီဆိုရင် သေတဲ့အထိ ပါသွားတတ်ပါတယ်။ မဖျောက်နိုင်သရွေ့ပေါ။ ကြိုးစားပြီး ဖျောက်ရင်တော့ ပျောက်ပါလိမ့်မယ်။

၄။ အသေးအဖွဲကအစ အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

ဘယ်လိုအရာတွေလုပ်လုပ် လေ့လာသင်ယူဖန်များလာရင်တော့ ပြည့်စုံ ကောင်းမွန်လာကြတာချည်းပါပဲ။ အသေးအဖွဲ အလုပ်ကအစ သင်အကောင်းဆုံးလုပ်ပါ။ ကိုယ့်အားထုတ်မှုဟာ ကိုယ့်ကို ယုံကြည်မှုတိုးပွားစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည့်တိုးပွားတာဟာ သံသယစိတ်လျော့သွားတာနဲ့ အတူတူပါပဲ။ ကိုယ့် အလုပ်သေးလေးတွေကအစ အရေးပါအရာကြီးတဲ့ အလုပ်တွေကို လုပ်နိုင်လာလေ့လေ့ သံသယစိတ်တွေ ပျောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်လာနိုင်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် အသေးအဖွဲကိစ္စတွေကအစ အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

၅။ ရပ်တည်ချက် ခိုင်ခိုင်မာမာထားပါ။

စိတ်ဓာတ်ခိုင်မှာမှုဟာ အင်မတန် အရေးကြီးပါတယ်။ ရပ်တည်ချက်ခိုင်မာမှု ရှိခြင်း မရှိခြင်းဟာ သင့်ဘဝကို တိုးတက်စေခြင်း နိမ့်ကျသွားစေခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါလိမ့်မယ်။ အခုဒီသွားချင်လိုက် ဟိုလုပ်ချင်လိုက်။ ပေါက်ပန်းလေးဆယ်ဖြစ်ချင်နေရင်တော့ ဒါဟာ ပြဿနာတစ်ခုခု ဖြစ်နေပါပြီ။ အဲဒီလို မဖြစ်ဖို့ လိုအပ်ပါတယ်။ဘယ်အရာမဆို ခဏသာ တည်မြဲတယ်ဆိုပေမယ့် သင်ရဲ့ ယုံကြည်ချက်နဲ့ ဇွဲလုံ့လတွေကို ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်လျှောက်နေမှသာလျှင် အဓိပ္ပာယ်ရှိသော အရာတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ကိုယ်ပိုင်ရပ်တည်ချက်တွေကို တည်ဆောက်စေချင်ပါတယ်။

Featured Image Source: Kristen Franks