အခုခေတ်မှာ First Impression က အရေးကြီးလာပြီဆိုတာ ငြင်းမရတဲ့အချက်ပဲနော်။ အပြိုင်ဆိုင်များတဲ့ ခုလိုအချိန်မျိုးမှာ အလုပ်အင်တာဗျူးကနေ First Date အထိ Personal Grooming ကောင်းတဲ့သူက အမြဲနှာတစ်ဖျား သာနေတတ်ပါတယ်။

အဲ့တော့ အရာရာ Perfect ဖြစ်နေဖို့ Spa တွေသွားပြီး ပြင်ဆင်နေစရာလိုလားဆိုရင် လုံးဝမလိုပါဘူး။ ဘာလို့ဆို အချိန်ကုန်၊ ငွေကုန်လုံးဝမရှိမယ့် Facial Treatment Spa ကြီးတစ်ခုကို ညွှန်းပေးတော့မှာမလို့ပါ။

အဲ့နေရာကတော့ တခြားမဟုတ်ပဲ နောက်ဖေးမီးဖိုချောင်ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ် အိမ်တိုင်းမှာရှိတတ်မယ့် ပစ္စည်းလေးတွေနဲ့ ဘယ်လို Treatment ယူလို့ရမယ်ဆိုတာ ဆက်လက်ရှုစားလိုက်ရအောင်နော်။

(၁) ဖြူဖွေးတောက်ပြောင်တဲ့ အပြုံးတစ်ပွင့်အတွက် Baking Soda

ပြုံးတာချင်းအတူတူ သွားလေးတွေဖြူဖွေးနေရင် First Impression ကောင်းဖို့ဆိုတာ အလွယ်လေးပေါ့။ TV ကြော်ငြာတွေထဲကလို ဖြူဖွေးတဲ့ သွားတွေကို ရေနဲ့ Baking Soda နှစ်ခုနဲ့တင် ပိုင်ဆိုင်နိုင်ပါပြီ။

Baking Soda ၁ ဇွန်းကို ရေနဲ့ရောပြီး အနှစ်ရရင် သွားမှာ ၁ မိနစ်ကနေ ၂ မိနစ်ထိ ကပ်ထားပြီးမှ ရေဆေးချပေးပါ။ နေ့စဉ်လုပ်ပေးမယ်ဆို ဖြူဖွေးတောက်ပတဲ့ အပြုံးတစ်ပွင့်ကို ပိုင်ဆိုင်နိုင်ပါပြီ။

(၂) မျက်နှာအသားရေ ကြည်လင်စေဖို့ Aloe Vera

ရှားစောင်းလက်ပတ်ဟာ ခေါင်းအစခြေအဆုံး အသုံးမတည့်တဲ့နေရာ မရှိလောက်အောင်ကို အစွမ်းထက်ပါတယ်။ မျက်နှာကြမ်းနေလား ခြောက်နေလား ဘာမှမစဉ်းစားနေပါနဲ့။

ရှားစောင်းလက်ပတ်အခွံခွာပြီး Gelလို အနှစ်တွေကို ခြစ်ထုတ်ပြီး မျက်နှာမှာ ၁၅မိနစ်ကပ်သာ ထားလိုက်။ ရေဆေးချပြီးတာနဲ့ ရေငတ်နေချိန်ရေသောက်လိုက်ရသလို မျက်နှာအသားရေက ဖြူစင်ကြည်လင်သွားမှာပါ။

(၃) ဦးရေပြားအဆီပြန်ခြင်းအတွက် သဘာဝခေါင်းလျော်ရည်

ဦးရေပြား အဆီပြန်လွန်းခြင်းအတွက် အထိရောက်ဆုံးကုသပေးနိုင်တဲ့ သဘာဝခေါင်းလျှော်ရည်ကိုရှာနေတယ်ဆိုရင်တော့ ပြောင်းကော်မှုန့် ၂ ဇွန်းနဲ့ တစ်ဝက်ခန့်နဲ့ Essential Oils (rose,lavendar) ၃စက် ဒါမှမဟုတ် ၄ စက်ခန့်ရောထည့်ပြီး ဖြေးညင်းစွာနှံ့အောင်မွှေပေးပါ။

ပြီးရင်တော့ Brush နဲ့ ဦးရေပြားပေါ် အနှံ့လိမ်းထားပြီး ၅ မိနစ်လောက် နေရင်ခေါင်းလျော်လိုက်လို့ရပါပြီ။ ပြောင်းကော်မှုန့်က ဦးရေပြားအဆီနဲ့ အညစ်ကြေးတွေကို သန့်စင်ပေးပြီး ဦးရေပြားကို ကျန်းမာလန်းစေပါတယ်။

(၄) ဆားဝက်ခြံကင်းစင်ပြုံးပျော်ရွှင်ဖို့အတွက်လဲ Baking Soda

မျက်နှာမှာ ဝက်ခြံလဲသိပ်မထွက်ဘူး အသားလဲတော်သင့်ရုံကြည်ပေမဲ့ နှာခေါင်းတစ်ဝိုက်မှာမဲနေလို့ စိတ်ညစ်နေရလား။ ဒါဆို Baking Soda ၁ ဇွန်းရယ် ရေရယ်ရောပြီး ၁၅ မိနစ်ကြာ ခြောက်သွေ့နေတဲ့ထိကို ကပ်ထားလိုက်ပါ။ ရေဆေးချလိုက်တာနဲ့ ဖြူစင်တောက်ပသွားတဲ့ နှာတံတစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ။

(၅) ကိုယ်သင်းနံ့မွေးပျံ့နေစေဖို့ Essential Oils

ဈေးကွက်ထဲက လူတိုင်းသုံးနေတဲ့ ရေမွှေးနံ့မျိုးမသုံးချင်ဘူး။ ကိုယ့်အနားကဖြတ်သွားတာနဲ့ ဘာရေမွှေးသုံးတာလဲ၊ တခြားBrandထပ်ထူးခြားနေတယ်နော် ထိမေးရလောက်အောင် ကိုယ်ပိုင်ရေမွှေးနံ့တစ်ခုကို မိနစ်ပိုင်းနဲ့တင် ဖန်တီးလို့ရနေပါပြီ။

လိုအပ်တာတွေကတော့ အမွှေးဆီ (rose, lavendar) ထဲက ကိုယ်နှစ်သက်ရာကို ၁ဝ စက်ကနေ ၁၂စက်အထိ Jojoba oil ကို Base ထား၍ရောစပ်ပြီး Roller ပါတဲ့ ဗူးလေးနဲ့သိမ်းထားလိုက်ပါ။ ဒါဆိုရင်ဘယ်သွားသွားလဲ ဆောင်သွားလို့ရတဲ့ ဘယ် Brand မှာမှမရှိနိုင်တဲ့ မူပိုင်ရေမွှေးတစ်ပုလင်းပိုင်ဆိုင်နိုင်ပါပြီ။